ဆိုက်ဘာလုံခြုံရေးဥပဒေ မူကြမ်းနှင့် သက်ဆိုင်သော နောက်ဆုံးပေါ်အခြေအနေနှင့် ယင်း၏ ဒစ်ဂျစ်တယ် အခွင့်အရေးနှင့် ဒစ်ဂျစ်တယ် စီးပွားရေးအပေါ် သက်ရောက်မှုများ
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဝန်ကြီးဌာနများ၊ ဗဟိုဘဏ်၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်၊ ဆက်သွယ်ရေး လိုင်စင်ကိုင်ဆောင်ထားသူများ၊ ဘဏ်နှင့် ငွေရေးကြေးရေး အဖွဲ့အစည်းများထံသို့ သဘောထား မှတ်ချက်ပေးရန် ဖြန့်ဝေအကြောင်းကြားထားသည့် ဆိုက်ဘာလုံခြုံရေး ဥပဒေ မူကြမ်း၏ နောက်ဆုံး ပြင်ဆင်ချက်များ ပတ်သက်၍ အခြားသော သက်ဆိုင်သူများနှင့်အတူ MCRB မှလည်း စိုးရိမ်မှုများဖြစ်ရပါသည်။
MCRB သည် ၂၀၁၄ ခုနှစ်မှစ၍ မြန်မာနိုင်ငံအတွက် လူ့အခွင့်အရေးကာကွယ်ခြင်းဆိုင်ရာ နိုင်ငံတကာစံနှုန်းများနှင့်အညီ အကာအကွယ်များပါဝင်သည့် ဆိုက်ဘာလုံခြုံရေးဥပဒေနှင့် မူဝါဒဆိုင်ရာ မူဘောင်တစ်ရပ်ကို ဖော်ဆောင်ရန် တိုက်တွန်းဆောင်ရွက်လျက်ပါသည်။ ကျွန်ုပ်တို့၏ ယခင်အက်ဗိုကေစီ ဆောင်ရွက်ထားသည့် အကျဉ်းချုပ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။ အချက်အလက်ကာကွယ်ခြင်း (data protection)၊ တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံတကာလူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာစံချိန်စံနှုန်းများအပေါ် အခြေခံသည့် ဘေးကင်းလုံခြုံသော ဒစ်ဂျစ်တယ်ပတ်ဝန်းကျင်သည် ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအပါအဝင် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးလှပါသည်။
အောက်ဖော်ပြပါသည် နောက်ဆုံးဖြစ်ပေါ်မှုများနှင့် ထုတ်ပြန်ချက်များ၊ MCRB ၏ ကိုယ်ပိုင်အမြင်များနှင့် အမျိုးမျိုးသော စီးပွားရေးလုပ်ငန်းနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများ (NGO) သက်ဆိုင်သူများထံမှ အကြံပြုဖြည့်စွက်ချက်များ ပါဝင်သည့် အကျဥ်းချုပ်ဖြစ်သည်။ နောင်လာမည့် ပြောင်းလဲမှုများကို ကျွန်ုပ်တို့မှ နောင်လာမည့်သီတင်းပတ်များတွင် ထပ်မံဖော်ပြပေးသွားပါမည်။
ဆိုက်ဘာလုံခြုံရေးဥပဒေ မူကြမ်း၏ လက်ရှိအခြေအနေ
ဆိုက်ဘာဥပဒေရေးဆွဲရေး အထောက်အကူပြုကော်မတီနှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ဆပ်ကော်မတီတို့ ပူးပေါင်း၍ ဆိုက်ဘာလုံခြုံရေးဥပဒေ မူကြမ်းကို ပြင်ဆင်သင့်ကြောင်း e-Government ဦးဆောင်ကော်မတီက ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် ဆုံးဖြတ်ခဲ့သည်ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ မူကြမ်းနှင့်အတူ ပေးပို့ထားသည့် အကြောင်းကြားစာတွင် ဖော်ပြထားသည်။ (ဤဦးဆောင်ကော်မတီကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး ယခင်ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေမှ ဥက္ကဋ္ဌ၊ ယခင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ဝန်ကြီးတို့မှ ဒုတိယဥက္ကဋ္ဌများ နှင့် ဒေါ်အောင်ဆန်းစုကြည်မှ နာယကအဖြစ် ဆောင်ရွက်ခဲ့ပါသည်။)
အဆိုပါ အကြောင်းကြားစာတွင် ပထမမူကြမ်းကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် သက်ဆိုင်ရာဌာနများနှင့် အဖွဲ့အစည်းများထံ ပေးပို့ခဲ့ကြောင်း ဖော်ပြထားသည်။ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့တွင် e-Government အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် သက်ဆိုင်သူများစွာထံမှ ရရှိခဲ့သော သဘောထားမှတ်ချက်များကို ထည့်သွင်းစဉ်းစားပြီး ဥပဒေမူကြမ်းအား ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။ ပြန်လည်ပြင်ဆင်ထားသော မူကြမ်းအား ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့နှင့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့တို့တွင် ဆိုက်ဘာဥပဒေရေးဆွဲရေး အထောက်အကူပြုကော်မတီ နှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ဆပ်ကော်မတီတို့က ထည့်သွင်းစဉ်းစားခဲ့သည်။
အဆိုပါမူကြမ်း၏ စိစစ်သုံးသပ်ချက်အရ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် အချက်အလက် ကာကွယ်ခြင်းဆိုင်ရာ (privacy and data protection) ပြဋ္ဌာန်းချက်များကို မူလက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ဆိုက်ဘာလုံခြုံရေးဥပဒေ မူကြမ်းတွင် ထည့်သွင်းထားသော်လည်း ပြင်ဆင်ထားသည့် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ တွင်အတည်ပြုထားပြီး၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ဆိုက်ဘာလုံခြုံရေးဥပဒေ မူကြမ်းတွင် ထိုပြဋ္ဌာန်းချက်များအား ပြန်လည် ထည့်သွင်းထားကြောင်း တွေ့ရှိခဲ့ပါသည်။ ဥပဒေမူကြမ်းတွင် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေအား ဤဥပဒေအတည်ပြုပြီးပါက ပြင်ဆင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ဆိုက်ဘာလုံခြုံရေးဥပဒေမူကြမ်း၏ သက်ရောက်မှုများ
ဆိုက်ဘာလုံခြုံရေးဥပဒေ မူကြမ်းနှင့် ပတ်သက်၍ အဖွဲ့အစည်းများစွာတို့က အဆိုပါဥပဒေမူကြမ်းမှ စီးပွားရေးလုပ်ငန်း အရွယ်အစားအားလုံး၊ မြန်မာနိုင်ငံနှင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် နိုင်ငံတစ်ဝှမ်းရှိ လူများစွာအပေါ် ကျရောက်လာနိုင်မည့် သက်ရောက်မှုများကို အထူးစိုးရိမ်ပူပန်စွာဖြင့် မီးမောင်းထိုးတုံ့ပြန်ခဲ့သည်။
ဒစ်ဂျစ်တယ်အခွင့်အရေးဆိုင်ရာ အစိုးရမဟုတ်သောအဖွဲ့အစည်း (NGO) ဖြစ်သည့် Free Expression Myanmar (FEM) မှ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ မူကြမ်းမှ အပြောင်းအလဲများကို ပြသရန် မှတ်ချက်ပြုထားသည့် တရားဝင်မဟုတ်သော အင်္ဂလိပ်ဘာသာပြန်ဆိုမှုကို ပြင်ဆင်ပြီး ၂၀၂၂ ခုနှစ် ဥပဒေမူကြမ်း၏ လူ့အခွင့်အရေးအပေါ် သက်ရောက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာသုံးသပ်ခဲ့ပါသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ မူကြမ်းမှ အင်တာနက်ဖြတ်တောက်ခြင်းနှင့် သီးခြားဝက်ဘ်ဆိုက်များ ပိတ်ပင်ခံရခြင်းများ၊ အဆိုပါ ထိန်းချုပ်မှုများမှ အကာအကွယ်တစ်စုံတစ်ရာ မရှိခြင်း၊ နယ်မြေပိုင်ဆိုင်မှု၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ ‘ပြစ်မှု’ အမျိုးမျိုးအတွက် ပြစ်မှုကျူးလွန်ခြင်းနှင့် ထောင်ဒဏ် ကာလသက်တမ်းများ တိုးလာခြင်း၊ အင်တာနက်ကြားခံများက အကြောင်းအရာ (content) နှင့်ပတ်သက်၍ ပြစ်မှုမြောက်စေရန် ပြုလုပ်ခြင်း၊ အချက်အလက်ကာကွယ်ခြင်း (data protection) တွင် အားနည်းချက်များနှင့် အချက်အလက်အမျိုးအစားခွဲခြင်း (data classification) လုပ်ငန်းစဉ်ကို အသေးစိတ်ရှင်းပြခြင်းမရှိဘဲ ဒေတာအချက်အလက်အား သိမ်းဆည်းထားရှိသည့်နေရာ (data localisation) ဆိုင်ရာ လိုအပ်ချက်များ စသည့် ယခင်စိုးရိမ်မှုများ ကျန်ရှိနေသေးကြောင်း FEM မှသတိပြုမိပါသည်။
FEM သည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ မူကြမ်းရှိ အစိတ်အပိုင်းအသစ်များကို ဖော်ထုတ်ခဲ့သည် -
Virtual Private Networks (VPN) ကို အသုံးပြုခြင်းအား ပြစ်မှုသတ်မှတ်ခြင်း၊ ထောင်ဒဏ် ၃ နှစ်အထိ နှင့် ငွေဒဏ် (အပိုဒ် ၉၀)။ လက်ရှိအခြေအနေတွင် ၎င်းသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့ကတည်းက တပ်မတော်မှ ပိတ်ပင်ထားခဲ့သော Facebook အသုံးပြုခွင့်ကို ပြစ်မှုအဖြစ်ဖြင့် ထိရောက်စွာ အရေးယူနိုင်မည်ဖြစ်သည်။ Facebook ကို ဝင်ရောက်အသုံးပြုရန် VPN များလိုအပ်သောကြောင့် Facebook တွင် ပို့စ်တင်ခြင်းဖြင့် မည်သည့်ပုဂ္ဂိုလ် သို့မဟုတ် စီးပွားရေးလုပ်ငန်းမဆို ပြစ်မှုဆိုင်ရာ အထောက်အထား ပြုလုပ်ရာ ရောက်နိုင်ပါသည်။ စီးပွားရေးလုပ်ငန်းများသည်လည်း အချက်အလက်များကို လုံခြုံစွာ ဖလှယ်ရန်အတွက် VPN များကို အသုံးပြုရန် လိုအပ်သော်လည်း ထို အသုံးပြုခွင့်ကို လျှောက်ထားနိုင်မည့် အလားအလာရှိသည် (အပိုဒ် ၆၂)။ VPN များအသုံးပြုခြင်းကို အားပေးသည့် မည်သူမဆို ထောင်ဒဏ်သုံးနှစ်အထိ ပြစ်ဒဏ်နှင့် ငွေဒဏ်လည်း ရင်ဆိုင်ကြုံတွေ့ရနိုင်သည် (အပိုဒ် ၈၉ (ဂ) တွင် ‘(ဂ) ဥပဒေအရ ပြဋ္ဌာန်းထားသော စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ကာ ဆိုက်ဘာရင်းမြစ်အား ဝင်ရောက်ခြင်းကို အားပေးခြင်း၊ ကူညီပေးခြင်း’)။ ၎င်းတွင် သုံးစွဲသူများနှင့် ဆက်သွယ်ရန်အတွက် Facebook ကို အသုံးပြုသည့် စီးပွားရေးလုပ်ငန်းများ၊ VPN များတပ်ဆင်ပေးသည့် ဖုန်းဆိုင်များ၊ သတင်းမီဒီယာများနှင့် VPN အသုံးပြုမှုကို အားပေးသည့် အရပ်ဘက်အဖွဲ့အစည်းများ၊ သို့မဟုတ် လုံခြုံရေး သင်တန်းပေးသည့် ဒစ်ဂျစ်တယ် အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ ပါဝင်နိုင်သည်။
ပြစ်မှုများ စွပ်စွဲခံရသူတို့၏ ရပိုင်ခွင့်အရ ၎င်းတို့အပေါ် စွဲဆိုမှုများအား သက်သေအထောက်အထားများနှင့်တကွ ချပြရမည့်အစား တရားစီရင်ရေးဆိုင်ရာ ရုံးလုပ်ထုံးလုပ်နည်းအတိုင်း မျှတစွာဆောင်ရွက်ခြင်း (judicial due process) ကိုပျက်ပြားစေကာ တရားရုံးများမှ နိုင်ငံတော်က ဆောင်ရွက်သည့် “အမျိုးသား ဒစ်ဂျစ်တယ်ဓာတ်ခွဲခန်း” ၏ တွေ့ရှိချက်များကို လက်ခံရမည်ဖြစ်သည် (အပိုဒ် ၆၃-၆၇)။ ဒစ်ဂျစ်တယ် စီးပွားရေးလုပ်ငန်းများ၏ စနစ်များကို စစ်ဆေးခြင်းနှင့် လွှဲပြောင်းရယူခြင်း၊ အကြောင်းအရာ (content) ကို ဖျက်ပစ်ရန် အမိန့်ပေးခြင်း၊ ဒစ်ဂျစ်တယ် ပလက်ဖောင်းများကို ပိတ်ပင်ခြင်း၊ လုပ်ငန်းလိုင်စင်များ ရုပ်သိမ်းခြင်းနှင့် လူတစ်ဦး၏ ကွန်ပျူတာ သို့မဟုတ် ဖုန်းများကို တရားစီရင်ကြီးကြပ်မှုမရှိဘဲ သိမ်းယူခြင်း စသည်တို့ကို ပြုလုပ်ဆောင်ရွက်ရန် အစိုးရအား တရားဝင် လုပ်ပိုင်ခွင့်ပေးသည့် အမျိုးမျိုးသော ပြဋ္ဌာန်းချက်များလည်း ပါရှိသည် (အပိုဒ် ၆၀၊ ၆၁ (ခ)၊ ၃၅၊ ၆၁ (ဂ)၊ ၇၁-၇၈၊ ၅၅၊ ၅၇)။
ဒစ်ဂျစ်တယ် စီးပွားရေးလုပ်ငန်းများနှင့် ဆိုရှယ်မီဒီယာများကို မတရားသော အကြောင်းပြချက်များဖြင့် ပိတ်ပင်ခြင်းကို ခွင့်ပြုထားခြင်း နှင့် ၎င်းတို့အား အကာအကွယ်များ သို့မဟုတ် တရားစီရင်ရေးဆိုင်ရာ ရုံးလုပ်ထုံးလုပ်နည်းအတိုင်း မျှတစွာဆောင်ရွက်ခြင်း (judicial due process) မရှိဘဲ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်ခြင်း (အခန်း ၁၅)။
ဝေဖန်မှုများကို လွှင့်တင်သည့်အတွက် Facebook ကဲ့သို့သော ပလက်ဖောင်းများကို ပြစ်မှုကျူးလွန်သူအဖြစ် သတ်မှတ်ခြင်း။ ယခင် ၂၀၂၁ ခုနှစ် မူကြမ်းသည် Facebook နှင့် YouTube ကဲ့သို့သော ဒစ်ဂျစ်တယ် စီးပွားရေးလုပ်ငန်းများကို အာဏာပိုင်များက ဆုံးဖြတ်ထားသော တိကျရှင်းလင်းစွာ ဖော်ပြမထားသည့် အမျိုးအစား ငါးမျိုးအောက်တွင် ကျရောက်သည့် မည်သည့်အသုံးအနှုန်းကိုမဆို လွှင့်တင်ခြင်းဖြင့် ပြစ်မှုကျူးလွန်ရာ ရောက်နိုင်သည် (အပိုဒ် ၂၉ နှင့် ၆၁)။ အမျိုးအစားငါးခုတွင် ဒီမိုကရေစီ နှင့်ပတ်သက်သည့် ဝေဖန်ဆွေးနွေးခြင်း အတွက် အရေးပါသော အသုံးအနှုန်းများနှင့် တရားဝင် အော့ဖ်လိုင်း အသုံးအနှုန်းများ ပါဝင်နေသည်။ ၂၀၂၂ မူကြမ်းတွင် အာဏာပိုင်များက ဖျက်ရန် အမိန့်ပေးနိုင်သော မရှင်းလင်းသည့် ဆဌမမြောက် အသုံးအနှုန်း အမျိုးအစားကို ထည့်သွင်းထားသည် -“လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ လူမှုရေး၊ စီးပွားရေး ထိခိုက်ပျက်ဆီးနစ်နာစေရန် ဖော်ပြခြင်း” (အပိုဒ် ၃၅ (စ))။ ထို ဆဌမမြောက် အမျိုးအစားတွင် အသရေဖျက်ခြင်းဆိုင်ရာ သာမန်မြန်မာဘာသာစကား ဖော်ပြချက်များကို အသုံးမပြုပါ။ အဆိုပါ ဖော်ပြချက်က ထိခိုက်ပျက်ဆီးနစ်နာမှု ရှိသည်မှာ မှန်ကန်ကြောင်း၊ သို့မဟုတ် အချက်အလက် အခိုင်အမာကြောင်း၊ သို့မဟုတ် ဆိုးရွားစွာထိခိုက်စေနိုင်ကြောင်း အထောက်အထားပင် မလိုပါ။ ယင်းအစား ရိုးရှင်းသော ဝေဖန်မှု တစ်ခုအား ဖော်ပြခြင်း ဟုပင်ဆိုနိုင်ပါသည်။ မြန်မာနိုင်ငံ ပြင်ပမှ လုပ်ကိုင်နေသည့် နိုင်ငံတကာ စီးပွားရေးလုပ်ငန်းများသည် အဆိုပါအမိန့်ကို လျစ်လျူရှုထားနိုင်သည်။ သို့သော်လည်း ၎င်းတို့၏ ဝန်ထမ်းများအား မျက်ကွယ်တွင် တရားစွဲဆိုခံရခြင်း သို့မဟုတ် ၎င်းတို့၏ ဝန်ဆောင်မှုများကို ပိတ်ပင်ခြင်းခံရနိုင်သည့် အန္တရာယ်နှင့် ရင်ဆိုင်ရဦးမည်ဖြစ်သည် (အပိုဒ် ၈၆၊ ၁၀၀၊ ၁၀၁)။
သီးခြားပြစ်မှုဖြစ်သည့် ကလေးများအား လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားမှုဖော်ပြသည့် အကြောင်းအရာများကို ရှာဖွေခြင်း၊ လက်ခံခြင်း သို့မဟုတ် ဖြန့်ဝေခြင်းကို ကျူးလွန်ခြင်းဖြစ်ကြောင်း ပြဋ္ဌာန်းချက်များကို ဖယ်ရှားခြင်း (အပိုဒ် ၆၉)။ သို့ရာတွင် လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းသော အကြောင်းအရာများ မျှဝေခြင်း ပြစ်မှု (အပိုဒ် ၉၆) ကို ၂၀၂၂ မူကြမ်းတွင် ထိန်းသိမ်းထားရှိသည်။ ဤပြဋ္ဌာန်းချက်သည် ရှင်းလင်းမှု မရှိသောကြောင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် နှင့် သတင်းရယူခွင့်တို့ကို ချိုးဖောက်ရန် အသုံးပြုနိုင်သည်။ ဥပမာအားဖြင့် ဆရာများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများတွင် လုပ်ကိုင်နေသူများအပါအဝင် လူအများသည် လိင်ပိုင်းဆိုင်ရာ ပညာပေးခြင်း၊ အမျိုးသမီးများ၏ ခန္ဓာကိုယ်အကြောင်း ဆွေးနွေးခြင်း၊ သို့မဟုတ် LGBTIQ နှင့်ပတ်သက်သည့် ကိစ္စရပ်များကို အသိပညာပေးခြင်းတို့အတွက် ပြစ်မှုကျူးလွန်ရာ ရောက်နိုင်သည်။
ဒစ်ဂျစ်တယ်အခွင့်အရေးဆိုင်ရာ အစိုးရမဟုတ်သောအဖွဲ့အစည်း (NGO) ဖြစ်သည့် Access Now ကလည်း မူကြမ်း၏ အားနည်းချက်များကို မီးမောင်းထိုးပြထားသည့် ထုတ်ပြန်ချက်တစ်စောင်ကို ဇန်နဝါရီလ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။
၂၀၂၂ ခုနှစ်၊ မေလ ၂ ရက်နေ့တွင် The Centre for Law and Democracy (CLD) မှ ဥပဒေမူကြမ်းအား အကဲဖြတ်သုံးသပ်ခဲ့သည်။ ယင်းအကဲဖြတ်သုံးသပ်ချက်တွင် အထက်ဖော်ပြပါ စိုးရိမ်မှုများကို ထင်ဟပ်စေပြီး အဆိုပါ ဥပဒေမူကြမ်းသည် နိုင်ငံတကာလူ့အခွင့်အရေး အာမခံချက်များကို မည်ကဲ့သို့ ချိုးဖောက်ကြောင်း ရှင်းပြထားပါသည်။
ပုဂ္ဂလိကကဏ္ဍ ရှုထောင့်မှကြည့်လျှင် အဓိက အိုင်စီတီကုမ္ပဏီများနှင့် အခြားသောအစုအဖွဲ့များ ဘက်ပေါင်းစုံ ပူးပေါင်းစုစည်းထားသည့် Global Network Initiative သည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့၌ ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ဥပဒေမူကြမ်းအား ရုပ်သိမ်းရန် တောင်းဆိုခဲ့ပါသည်။ ထို့ပြင် အကြောင်းအရာ နှင့်ပတ်သက်သည့် တားမြစ်ချက်နှင့် စည်းမျဉ်းစည်းကမ်း၊ ဆိုက်ဘာပြစ်မှုဆိုင်ရာ တရားစွဲဆိုမှု၊ အချက်အလက် ထိန်းသိမ်းမှု၊ virtual private networks (VPN) အသုံးပြုမှု စသည်တို့အပေါ် ၎င်း၏ ‘မတိကျ၍ လွန်ကဲသော’ ချဉ်းကပ်မှုနှင့် နိုင်ငံတကာဥပဒေ၊ စီးပွားရေး မျှော်မှန်းချက်များနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ၏ဖော်ပြထားသော ရည်ရွယ်ချက်များဖြစ်သည့် ဘေးကင်းရေးနှင့် လုံခြုံရေးကိုလုပ်ဆောင်ရန်၊ ပုဂ္ဂိုလ်ဆိုင်ရာ အချက်အလက်များကို ကာကွယ်ရန်၊ ဒစ်ဂျစ်တယ် စီးပွားရေးကို ပံ့ပိုးရန်နှင့် “အီလက်ထရောနစ် သတင်းအချက်အလက်တို့၏ စစ်မှန်မှုနှင့် ယုံကြည်စိတ်ချရမှုကို ကာကွယ်ရန်” စသည်တို့နှင့် မကိုက်ညီကြောင်း ဖော်ထုတ်ခဲ့သည်။ ထိုကြေညာချက်တွင် ပို၍တိတိကျကျ ဖော်ပြထားသည်မှာ -
အကြောင်းအရာနှင့်ပတ်သက်၍ မတိကျသော၊ ယေဘုယျဆန်သော တားမြစ်ချက်များ၊ ၎င်းတို့အားလုံးသည် “လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီမှုမရှိ၊ မတိကျ၊ ယေဘုယျဆန်စွာ ဖော်ပြထားခြင်း (အပိုဒ် ၃၅)” နှင့် “သတင်းတုနှင့် သတင်းမှား နှင့်သက်ဆိုင်သည့် အနှောက်အယှက်ရှိသော ပြစ်ဒဏ်များအပါအဝင် ရှင်းလင်းစွာ သတ်မှတ်ထားခြင်း မရှိသော အကြောင်းအရာပုံစံများနှင့် အွန်လိုင်းတွင် လုပ်ဆောင်သည့်အရာများကို ပြစ်မှုအဖြစ် သတ်မှတ်သည့် ပြဋ္ဌာန်းချက်အသစ်များ (အပိုဒ် ၉၁)။”
တရားဥပဒေစိုးမိုးမှု အကာအကွယ်များ မရှိဘဲ ဒစ်ဂျစ်တယ် ကူးသန်းရောင်းဝယ်ရေးကို ပြင်းထန်စွာ အနှောင့်အယှက်ဖြစ်စေနိုင်သည့် သို့မဟုတ် ပိတ်ပင်နိုင်သည့် အလွန်ကျယ်ပြန့်သော လုပ်ပိုင်ခွင့်များ။
ဒေတာအချက်အလက်အား သိမ်းဆည်းထားရှိသည့်နေရာနှင့် ထိန်းသိမ်းခြင်း။ ဥပဒေမူကြမ်းသည် အင်တာနက်ဝန်ဆောင်မှုပေးသူများ၏ မှတ်ပုံတင်ရန် လိုအပ်ချက်များအပြင် သုံးစွဲသူ ၁၀၀,၀၀၀ ကျော်ရှိသည့် ဒစ်ဂျစ်တယ်ပလက်ဖောင်း ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်သူများကို သုံးစွဲသူ၏ အချက်အလက်များအား ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက “သတ်မှတ်သည့်နေရာတွင်” သိမ်းဆည်းရန် လိုအပ်မည်ဖြစ်ကြောင်း GNI မှ မှတ်ချက်ပြုထားသည်။ ယင်းကုမ္ပဏီတို့သည် “ဝန်ဆောင်မှုအသုံးပြုသူများ၏ ဖုန်းနံပါတ်၊ စိစစ်ရေးကဒ်အမှတ်နှင့် နေရပ်လိပ်စာ” နှင့် “[အာဏာပိုင်များ] မှညွှန်ကြားသည့် အခြားအချက်အလက်များ” (အပိုဒ် ၃၇) စသည့် ထူးခြားသော အသုံးပြုသူ-ဖော်ထုတ်သည့် သတင်းအချက်အလက်များကို ဆက်လက်ထိန်းသိမ်းထားရန် နှင့် ထိုအချက်အလက်များကို “တည်ဆဲဥပဒေတစ်ရပ်ရပ်အရ” တောင်းဆိုသည့် “တာဝန်ပေးအပ်ခံရသော ပုဂ္ဂိုလ် သို့မဟုတ် လုပ်ပိုင်ခွင့်ရအဖွဲ့အစည်း” အားပေးဆောင်ရန် (အပိုဒ် ၃၈) တာဝန်ရှိမည် ဖြစ်သည်။ ဤပြဋ္ဌာန်းချက်များသည် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ စံချိန်စံနှုန်းများ၊ မျှော်မှန်းချက်များနှင့် ကိုက်ညီမှုမရှိဘဲ အကျုံးဝင်သည့် ကုမ္ပဏီများအတွက် သိသာထင်ရှားသော ကုန်ကျစရိတ်နှင့် ဝန်ထုပ်ဝန်ပိုးများ ဖြစ်ပေါ်စေလိမ့်မည်။ ထိုအချက်နှစ်ချက်ကို ကြည့်ခြင်းဖြင့် ၎င်းတို့သည် ရုံးလုပ်ထုံးလုပ်နည်းအတိုင်း မျှတစွာဆောင်ရွက်ခြင်း (due process) သို့မဟုတ် လွတ်လပ်သော ကြီးကြပ်ကွပ်ကဲမှု မရှိဘဲ ထိုကုမ္ပဏီများက အသုံးပြုသူ၏ ထိရှလွယ်သော အချက်အလက် (sensitive data) အား အစိုးရထံ လွှဲပြောင်းရန် လိုအပ်လိမ့်မည် ဖြစ်သောကြောင့် သုံးစွဲသူများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်ခွင့် (privacy) နှင့် မျှော်လင့်ချက်များအား ချိုးဖောက်ခြင်းအပေါ် ဆိုးရွားသော အန္တရာယ်ကို ဖြစ်ပေါ်စေသည်။
VPN များကို တားမြစ်ထားခြင်း။ FEM ကဲ့သို့ပင်၊ GNI က VPN များအပေါ် တားမြစ်ချက်များကို အာရုံစိုက်ပြီး စီးပွားရေးနှင့် လူပုဂ္ဂိုလ်များအတွက် VPN များသည် မည်မျှအရေးကြီးသည်ကို မှတ်သားထားပါသည်။ GNI ၏ ထုတ်ပြန်ချက်တွင် VPN များကို အသုံးပြုသည့် စီးပွားရေးလုပ်ငန်းများအား အနှောင့်အယှက်များကို စွန့်လွှတ်ခြင်းအားဖြင့် ဖြေရှင်းနိုင်သည် ဟူသော SAC ၏ ယူဆချက်ကို စိန်ခေါ်ထားပါသည်- စီးပွားရေးလုပ်ငန်းအတွက် ဖြစ်နိုင်ချေရှိသော စွန့်လွှတ်မှုများ ရှိနေသော်လည်း “၎င်းတို့၏ အသုံးပြုမှုကို ပြစ်မှုကျူးလွန်ခြင်း ဖြစ်သည် ဟူသော အချက်ကို ကြည့်ခြင်းအားဖြင့် ထိုသို့သော စွန့်လွှတ်မှုများကို တောင်းဆိုရန် သို့မဟုတ် လက်ခံရန် ပုဂ္ဂိုလ်များ သို့မဟုတ် စီးပွားရေးလုပ်ငန်း အများအပြားကို မျှော်လင့်ခြင်းက လက်တွေ့မကျပါ။ (အပိုဒ် ၆၂)”
မြန်မာနိုင်ငံရှိ အမေရိကန်၊ ဥရောပသမဂ္ဂ (EU)၊ သြစတြေးလျ၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ ဂရိနှင့် အီတလီ ကုန်သည်ကြီးများအသင်း၊ မြန်မာဆိုင်ရာ အမေရိကန် အိုင်စီတီကောင်စီ (US ICT Council for Myanmar) နှင့် Myanmar Private Equity & Venture Capital Association (PEVCA) တို့မှ ပူးတွဲကြေညာချက် ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထိုကြေညာချက်တွင် ဥပဒေမူကြမ်းနှင့် ပတ်သက်၍ လွန်စွာ စိုးရိမ်ပူပန်ကြောင်း ဖော်ပြထားပြီး Virtual Private Networks (VPN)၊ ဆိုရှယ်မီဒီယာမဟုတ်သော ဒစ်ဂျစ်တယ် ပလက်ဖောင်း ဝန်ဆောင်မှုများနှင့် စီးပွားရေးလုပ်ငန်းအတွက် ဆိုရှယ်မီဒီယာကို အသုံးပြုမှု စသည်တို့နှင့် ပတ်သက်သည့် ပြဋ္ဌာန်းချက်များကို အလေးထားဖော်ပြထားပြီး သတင်းအချက်အလက်၊ နည်းပညာနှင့် ဝန်ဆောင်မှုများကို ရယူသုံးစွဲနိုင်မှုသည် လုပ်ငန်းလည်ပတ်မှုများနှင့် နိုင်ငံတော်၏ ကောင်းမွန်သော ဒစ်ဂျစ်တယ်စီးပွားရေးအတွက် မရှိမဖြစ်လိုအပ်ကြောင်း အလေးထားဖော်ပြခဲ့ပါသည်။ ထိုဥပဒေမူကြမ်းကို လက်ခံကျင့်သုံးပြီး အတည်ပြုပြဋ္ဌာန်းမည်ဆိုပါက သတင်းအချက်အလက်လွတ်လပ်စွာ စီးဆင်းမှုကို အဟန့်အတားဖြစ်စေနိုင်ပြီး မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ၏ တရားဝင် ထိထိရောက်ရောက် လုပ်ကိုင်နိုင်စွမ်းအပေါ် တိုက်ရိုက် အကျိုးသက်ရောက်စေမည် ဖြစ်သည်။ ဤထုတ်ပြန်ချက်တွင် အခြားကုန်သည်ကြီးများ အသင်းတို့ကိုလည်း ပူးပေါင်း ပါဝင်နိုင်ပါသည်။ (Eurocham သို့ ဆက်သွယ်ပါရန်။)
အဆိုပါဥပဒေမူကြမ်းသည် သုံးစွဲသူများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်ခွင့် (privacy) ကိုထိခိုက်စေပြီး လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ကာ ပြည်တွင်းနှင့်ပြည်ပ စီးပွားရေးလုပ်ငန်းများအပေါ် လွန်ကဲသော ဝန်ထုပ်ဝန်ပိုးဖြစ်စေသည်ဟု အာရှတိုက်ရှိ ထိပ်တန်းအင်တာနက်ကုမ္ပဏီများ ၁၆ ခု၏ မဟာမိတ်ဖြစ်သည့် Asia Internet Coalition က ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် အလားတူကြေညာချက် ကို ထုတ်ပြန်ခဲ့သည်။ AIC ကမှတ်ချက်ပြုထားသည်မှာ -
‘ဒစ်ဂျစ်တယ်စီးပွားရေး ဂေဟစနစ်များသည် နယ်စပ်ဖြတ်ကျော်၍ အသိပညာဖလှယ်ခြင်း၊ နည်းပညာဆိုင်ရာ နားလည်ကျွမ်းကျင်မှု၊ နိုင်ငံဖြတ်ကျော် IT ကွန်ရက်များမှတဆင့် သိပ္ပံနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ သတင်းအချက်အလက်များ၊ ဒစ်ဂျစ်တယ်ကိရိယာများ ရယူသုံးစွဲနိုင်ခွင့် နှင့် စီးပွားရေးကို ထိမ်းသိမ်းရန်၊ စာတတ်မြောက်မှု ချဲ့ထွင်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာ လူနေမှုအဆင့်အတန်းကို မြှင့်တင်ပေးသည့် ကမ္ဘာ့စျေးကွက် အခွင့်အလမ်းများ စသည်တို့အပေါ်တွင် မူတည်သည်။ ထို့ကြောင့် အဆိုပါဥပဒေမူကြမ်းသည် မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်စီးပွားရေး ပန်းတိုင်များနှင့် ဆန့်ကျင်နေပြီး စီးပွားရေး ဆက်လက်လည်ပတ်မှုကို အနှောင့်အယှက်ဖြစ်စေကာ၊ အားလုံးပါဝင်နိုင်သည့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆုံးရှုံးသွားသော အခွင့်အလမ်းများ အပါအဝင် ဒစ်ဂျစ်တယ်ဆန်းသစ်တီထွင်မှုဆိုင်ရာ အခွင့်အလမ်းများကို လျော့နည်းစေသောကြောင့် ကျယ်ပြန့်သော စီးပွားရေးဆုံးရှုံးမှုများ၊ ခန့်မှန်းနိုင်မှုနည်းသော ရင်းနှီးမြှုပ်နှံမှု အခြေအနေ၊ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများအား လျော့ကျစေမည်။ အကောင်းဆုံးသော နိုင်ငံတကာ အလေ့အကျင့်များနှင့် မကိုက်ညီသည့် ဥပဒေမူကြမ်းကြောင့် သုံးစွဲသူများနှင့် စီးပွားရေးလုပ်ငန်းများမှ
ဒစ်ဂျစ်တယ်ပလပ်ဖောင်းများ မှ ပေးဆောင်သည့် ထုတ်ကုန်နှင့် ဝန်ဆောင်မှုများရရှိခြင်းကို
ဆုံးရှုံးစေလိမ့်မည်။’
တယ်လီနောကဲ့သို့ သီးခြားကုမ္ပဏီများသည် အများပြည်သူသို့ ထုတ်ပြန်ချက်များကို ထုတ်ပြန်ကြေညာခဲ့ပြီး ဥပဒေရေးရာ ကုမ္ပဏီများကလည်း စိစစ်ချက်များကို ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ VPN အသုံးပြုသူ တားမြစ်ခြင်း၏ သက်ရောက်မှု ကဲ့သို့သော ကိစ္စရပ်များ အကျုံးဝင်သည့် သဘောထားအကြံပြုချက်များ တင်သွင်းခဲ့ပြီး မူကြမ်းပါ ပြဿနာကိစ္စရပ် အများအပြားအတွက် ဝန်ကြီးဌာနအား ပိုမိုကျယ်ပြန့်စွာ ဆွေးနွေးတိုင်ပင်ရန် တိုက်တွန်းထားပါသည်။ မြန်မာနိုင်ငံကွန်ပြူတာအသင်းချုပ်ကလည်း အတိုင်းအတာ အရ တုံ့ပြန်မှုပေးခဲ့သည်ဟု ထင်မြင်ယူဆရပါသည်။
MCRB ၏အမြင်
MCRB သည် အထက်ဖော်ပြပါ စိစစ်သုံးသပ်ချက်များ၊ အထူးသဖြင့် အဆိုပြုထားသော VPN များနှင့် အလားတူနည်းပညာများကို ပိတ်ပင်ခြင်းသည် နိုင်ငံနှင့် ပိုမိုကျယ်ပြန့်သော လူ့အဖွဲ့အစည်းတစ်ခုလုံးကို သိသိသာသာ ဝန်ထုပ်ဝန်ပိုးဖြစ်စေမည် ဟူသော UMFCCI နှင့် အခြားအဖွဲ့အစည်းများ၏ အမြင်များနှင့် တူညီသော အမြင်ရှိပြီး၊ VPN အသုံးပြုမှုနှင့်ပတ်သက်သော အပိုဒ် ၆၂ နှင့် ၉၀ ပယ်ဖျက်သင့်သည်ကိုလည်း သဘောတူပါသည်။
လက်ရှိတွင် အထူးသဖြင့် Facebook ကဲ့သို့ ဆိုရှယ်မီဒီယာဆိုက်များစွာအား SAC မှပိတ်ပင်ထားသောကြောင့် အဆိုပါ ပြဋ္ဌာန်းချက်များသည် အဓိကအားဖြင့် Facebook အသုံးပြုသူများကို ပြစ်မှုကျူးလွန်မှုအဖြစ် သတ်မှတ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် ဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို လိုက်နာသည့် အင်တာနက်ဝန်ဆောင်မှုများမှ ပံ့ပိုးပေးထားသော Facebook နှင့် အခြားပိတ်ပင်ခံထားရသော ဆိုက်များကို ဝင်ရောက်ကြည့်ရှုရန် VPN များ လိုအပ်နေသောကြောင့်ဖြစ်သည်။
MCRB သည် ၂၀၁၃ ခုနှစ်မှစတင်၍ မြန်မာနိုင်ငံတွင် တာဝန်ယူမှုရှိသော၊ ရေရှည်တည်တံ့ပြီး အားလုံးပါဝင်သော စီးပွားရေးလုပ်ငန်းများကို မြှင့်တင်ရန်အတွက် လုပ်ငန်းကြီးငယ်များ၊ ပြည်တွင်း အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အစိုးရဌာနများအပါအဝင် ကျယ်ပြန့်သော မိတ်ဖက်အဖွဲ့အစည်းများစွာနှင့် လက်တွဲဆောင်ရွက်ခဲ့ပါသည်။ ကျွန်ုပ်တို့သည် မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ်အခွင့်အရေးဖိုရမ် လေးကြိမ်၊ အမျိုးသားအဆင့် လူထုနှင့်ခရီးသွားလုပ်ငန်း ညီလာခံ လေးကြိမ် နှင့် မသန်စွမ်းသူများပါဝင်သည့် စီးပွားရေးလုပ်ငန်း၊ ရေရှည်တည်တံ့သော ရွှေတူးဖော်မှုအတွက် မူဝါဒ၊ စည်းမျဉ်းစည်းကမ်း မူဘောင်များနှင့် ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်းများ စသည့် ခေါင်းစဥ်အမျိုးမျိုးဖြင့် နိုင်ငံတစ်ဝှမ်း ပွဲများ၊ စကားဝိုင်းဆွေးနွေးပွဲများစွာကို ပူးတွဲကျင်းပခဲ့ပါသည်။ ဤလှုပ်ရှားမှုအားလုံးတွင် တူညီသည်မှာ ဆိုရှယ်မီဒီယာ၊ အထူးသဖြင့် Facebook အား အသုံးပြုခြင်းဖြစ်ပြီး မြန်မာပြည်တွင်း နေထိုင်သူများမှ အာဆီယံ နှင့်အခြားဒေသများ အပါအဝင် ကမ္ဘာတဝှမ်းရှိ လုပ်ငန်းတူ၊ စိတ်ဝင်စားမှုတူသူများနှင့် အပြန်အလှန် ချိတ်ဆက်ဆောင်ရွက်ခြင်းဖြင့် ပိုမိုအရည်အချင်း တိုးမြင့်ရန်(communities of practices) ကြိုးစားရာတွင်လည်း ဆိုရှယ်မီဒီယာမှာ အရေးပါလှပါသည်။
ထို့အပြင် စီးပွားရေးလုပ်ငန်းများ၊ အထူးသဖြင့် ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း အစပျိုးမှုများနှင့် F&B ဆိုင်များကဲ့သို့သော အသေးစား စီးပွားရေးလုပ်ငန်းများသည် သုံးစွဲသူများနှင့် ချိတ်ဆက်ရန် Facebook နှင့် အခြား ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများကို အသုံးပြုကြသည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့များသည် အမှိုက်၊ ရာသီဥတုပြောင်းလဲမှုနှင့် သစ်တောပြုန်းတီးမှု စသည့် ပြဿနာများကို အသိပညာပေးရန်အတွက် Facebook ကို အသုံးပြုကြပြီး ရေရှည်တည်တံ့သော အလေ့အကျင့်များကို အားပေးကာ စေတနာ့ဝန်ထမ်း အမှိုက်ကောက်ယူခြင်းအတွက် စည်းရုံးလုပ်ဆောင်ကြသည်။ စီးပွားရေးကျောင်းများနှင့် အသင်းအဖွဲ့များသည် ကျောင်းသားများနှင့် ဆက်သွယ်ရန် Facebook ကို အသုံးပြုကြပြီး စဉ်ဆက်မပြတ် လေ့လာသင်ယူမှုကို မြှင့်တင်၍ အလေ့အကျင့်ကောင်းများကိုလည်း ရရှိပါသည်။ ဆိုရှယ်မီဒီယာနှင့် ဒစ်ဂျစ်တယ် ဝန်ဆောင်မှုပေးသူများကို အများပြည်သူ ပူးပေါင်းပါဝင်နိုင်မှုအတွက် ကိရိယာတစ်ခုအဖြစ် လည်းကောင်း၊ နောက်ဆုံးရ စည်းမျဉ်းစည်းကမ်းများ၊ ရင်းနှီးမြှုပ်နှံမှုများကို ပေးဆောင်ရန်နှင့် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုများ သို့မဟုတ် ကုမ္ပဏီများနှင့်ပတ်သက်သော အကြံပြုချက်များနှင့် တိုင်ကြားချက်များအတွက် လမ်းကြောင်းအဖြစ် လည်းကောင်း အသုံးပြုနိုင်သည်။ ကျန်းမာရေးဝန်ကြီးဌာနကဲ့သို့ နိုင်ငံတော် အဖွဲ့အစည်းများသည် ၎င်းတို့ကို ကိုဗစ်-၁၉ ဆိုင်ရာ နောက်ဆုံးရ သတင်းအချက်အလက်များအတွက် အသုံးပြုပါသည်။
ဤဥပဒေမူကြမ်းကို အတည်ပြုခြင်းသည် ပြည်တွင်းနှင့် နိုင်ငံတကာတွင်သာမက အာဆီယံနှင့် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership – RCEP) သဘောတူစာချုပ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အာဆီယံ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယားသမ္မတနိုင်ငံ၊ သြစတြေးလျ နှင့် နယူးဇီလန် နိုင်ငံတို့အကြား ဒစ်ဂျစ်တယ်စီးပွားရေးစနစ် တည်ဆောက်ခြင်းကို ထိခိုက်စေနိုင်သည်ဟု MCRB မှထင်မြင်မိပါသည်။ RCEP သဘောတူစာချုပ်၏ အပိုဒ် ၁၂.၁၀ ၌ ပြည်တွင်း စည်းမျဥ်းမူဘောင်တွင် “အဖွဲ့တစ်ဖွဲ့စီသည် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးတွင် မလိုအပ်သော စည်းမျဉ်းစည်းကမ်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးကို ရှောင်ရှားရန် ကြိုးပမ်းဆောင်ရွက်ရမည်” ဟု မှတ်သားထားသည်။ အဆိုပါဥပဒေမူကြမ်းသည် တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးပေးရန်အတွက် ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ ချိတ်ဆက်ထားသော လူ့အဖွဲ့အစည်းတစ်ခု၏ စွမ်းဆောင်ရည်ကို အားနည်းစေမည်ဖြစ်သည်။ စီးပွားရေးလုပ်ငန်းများက ဥပဒေကိုလိုက်နာပါက ၎င်းတို့၏ လူ့အခွင့်အရေးကို လေးစားလိုက်နာရန် တာဝန်ဝတ္တရားကို လျော့နည်းစေမည် ဖြစ်သောကြောင့် စီးပွားရေးလုပ်ငန်းများ၏ တာဝန်ယူမှုရှိစွာ လည်ပတ်နိုင်စွမ်းကိုလည်း ထိခိုက်စေမည်ဖြစ်သည်။
MCRB သည် ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်ခွင့်၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းအချက်အလက်ရယူခွင့်တို့အပါအဝင် လူ့အခွင့်အရေးကို ကာကွယ်ပေးသည့် ဆိုက်ဘာလုံခြုံရေးနှင့် အချက်အလက်ကာကွယ်ခြင်းဆိုင်ရာ မူဝါဒနှင့် ဥပဒေမူဘောင်တစ်ရပ်ကို တည်ဆောက်ရန် အခြားသူများနှင့် လက်တွဲလုပ်ဆောင်ရန် မျှော်လင့်ပါသည်။
အထက်ပါအကြောင်းအရာနှင့်ပတ်သတ်၍ ဆက်လက်ဖတ်ရှုလိုပါက
- Information and Communication Technologies (ICT) Sector and Digital Rights
- MCRB မှ ဒစ်ဂျစ်တယ်ခေတ်တွင် ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်ခွင့်နှင့်ပတ်သက်၍ OHCHR သို့ အကြံပြုချက် ထည့်သွင်းတင်ပြသည်
- MCRB မှ နည်းပညာကဏ္ဍအတွက် UNGPs ၏ လက်တွေ့ကျင့်သုံးမှုကို OHCHR သို့ အကြံပြုချက် ထည့်သွင်းတင်ပြသည်
- မြန်မာနိုင်ငံ၏ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ဥပဒေမူဘောင်အား နိုင်ငံတကာစံချိန်စံနှုန်းများနှင့်အညီ တည်ဆောက်ရန် လိုအပ်သည်
- အချက်အလက်ကာကွယ်ခြင်း (Data Protection) ဘာကြောင့် အရေးပါသလဲ၊ သင်ဝေမျှသည့်အရာကို သိရှိပါ!