အင်တာနက်ဆက်သွယ်မှုများအပေါ် ကန့်သတ်မှုများကို ရုတ်သိမ်းရေး - သတင်းမီဒီယာစင်တာ
You are here Home » သတင်းမီဒီယာစင်တာ » အင်တာနက်ဆက်သွယ်မှုများအပေါ် ကန့်သတ်မှုများကို ရုတ်သိမ်းရေး

အင်တာနက်ဆက်သွယ်မှုများအပေါ် ကန့်သတ်မှုများကို ရုတ်သိမ်းရေး

အင်တာနက်ပိတ်ပင်မှုသည် စီးပွားရေးလုပ်ကိုင်မှုအား ဆိုးကျိုးသက်ရောက်စေနိုင်ပြီး ဝင်ငွေနှင့် အလုပ်အကိုင်တို့ကိုလည်း ထိခိုက်စေသည်။
အင်တာနက်ပိတ်ပင်မှုသည် စီးပွားရေးလုပ်ကိုင်မှုအား ဆိုးကျိုးသက်ရောက်စေနိုင်ပြီး ဝင်ငွေနှင့် အလုပ်အကိုင်တို့ကိုလည်း ထိခိုက်စေသည်။

မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) သည် လွတ်လပ်သော ထုတ်ဖော်ပြောဆိုခြင်း မြန်မာ (FEM)၊ ဖွံ့ဖြိုးမှုအတွက် "မြန်" အိုင်စီတီအဖွဲ့ (Myan ICT for Development Organisation) (MIDO) နှင့် ဖန်တီးရာ (Phandeeyar) တို့နှင့် အတူ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့ရှိ မြို့နယ် (၉) ခု၌ လတ်တလော အင်တာနက်ဖြတ်တောက်မှုများ ဖြစ်ပေါ်နေသည့် ကိစ္စရပ်အပေါ်တွင် ကြေညာချက်တစ်ရပ်ကို မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာ နှစ်မျိုးစလုံးဖြင့် ထုတ်ပြန်ခဲ့သည်။ ကျွန်ုပ်တို့ အဖွဲ့များသည် ၂၀၁၆ ခုနှစ်၊ ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ် အသီးသီးတွင် မြန်မာဒီဂျစ်တယ်အခွင့်အရေးဖိုရမ်ကို ဦးဆောင်ကျင်းပခဲ့သော အဖွဲ့အစည်းများဖြစ်ပါသည်။

မြန်မာဒီဂျစ်တယ်အခွင့်အရေးဖိုရမ်သည် မြန်မာနိုင်ငံ၏ 'စတုတ္ထ စက်မှုတော်လှန်ရေး (4th Industrial Revolution)” သို့ အသွင်ကူးပြောင်းရေးအား  လူ့အခွင့်အရေးဆိုင်ရာ ရရှိပိုင်ခွင့်ကို ကာကွယ်ပေးခြင်း၊ လေးစားလိုက်နာခြင်းနှင့် မြှင့်တင်မည့် နည်းလမ်းများဖြင့် အရောက်လှမ်းနိုင်ရေးအတွက် စီးပွားရေးလုပ်ငန်းများ၊ အစိုးရနှင့် အရပ်ဖက်လူမှုအ ဖွဲ့အစည်းများက တာဝန်ရှိသူများကို ဖိတ်ခေါ်ကာ ဆွေးနွေးခြင်းဖြစ်သည်။ မြန်မာဒီဂျစ်တယ်အခွင့်အရေးဖိုရမ်ကို ပါဝင်တက်ရောက်သူများနှင့် ကုလသမဂ္ဂ အပါအဝင် ကမ္ဘာအဝှမ်းက တာဝန်ရှိသူများကပါ အမျိုးမျိုးသော လူ့အခွင့်အရေးအများ ရရှိစေရေးအတွက် အခြေခံအထောက်အကူတစ်ရပ်ဖြစ်သည့် အင်တာနက်ဆက်သွယ်မှုကို လူသားအားလုံးက ပြည့်ပြည့်ဝဝ ရရှိရေးမှာ အရေးကြီးကြောင်းကို အစဉ်တစိုက် ပြောဆိုနေခဲ့ကြပြီးဖြစ်သည်။ မြန်မာအစိုးရက ၂၀၁၃ ဆက်သွယ်ရေးဥပဒေရှိ ပုဒ်မ (၇၇) အား ပထမဆုံးအကြိမ် အသုံးပြုပြီး ရခိုင်နှင့် ချင်းပြည်နယ်များရှိ မြို့နယ် (၉) မြို့နယ်တွင် အင်တာနက်အား အကန့်အသတ်မရှိ ဖြတ်တောက်ရန် မကြုံစဖူး ဆုံးဖြတ်လိုက်ခြင်းသည် မြန်မာနိုင်ငံရှိ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်မှုအတွက် အဟန့်အတားဖြစ်စေသည့် ကြီးမားသော ကိစ္စရပ်တစ်ခု ဖြစ်နေသောကြောင့် ကျွန်ုပ်တို့ အဖွဲ့အစည်းများအနေဖြင့် ယခုကြေညာချက်အား ထုတ်ပြန်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါသည်။

ပုဒ်မ (၇၇) ကို စတင်အသုံးပြုလိုက်ခြင်းသည် အစိုးရက 'တည်ငြိမ်မှုမရှိ' ဟု ဆိုသည့် နေရာဒေသများတွင် နောက်ထပ် အင်တာနက်ဆက်သွယ်မှု ဖြတ်တောက်မှုများ ပြုလုပ်ရန်အတွက် အစဉ်အလာတစ်ခုကဲ့သို့ ဖြစ်သွားစေနိုင်သည်။ ထိုကိစ္စသည် ကျွန်ုပ်တို့ အင်တာနက်အသုံးပြုသူအားလုံးအတွက် စိုးရိမ်ဖွယ်ကောင်းသော ကိစ္စရပ်တစ်ခုဖြစ်ပြီး လတ်တလော အဆိုပါ နေရာများတွင် အင်တာနက် ဖြတ်တောက်မှုကြောင့် စီးပွားရေး လုပ်ငန်းများအားလုံးကို တိုက်ရိုက်မထိခိုက်သေးစေကာမူ ၎င်းတို့အတွက် စိုးရိမ်ဖွယ်ကောင်းသော ကိစ္စရပ်တစ်ခုဖြစ်သည်ဟု ဆိုနိုင်ပါသည်။ မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) သည် ကုမ္ပဏီများ၊ ကုန်သည်ကြီးများအသင်းများနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ကာ အကန့်အသတ်မရှိ အင်တာနက်အသုံးပြုခွင့်ရရှိရေးသည် ရင်းနှီးမြှုပ်နှံသူများ၊ စီးပွားရေးလုပ်ငန်းများအပြင် စီးပွားရေးတိုးတက်မှုနှင့် ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် မည်မျှအရေးပါမှုရှိကြောင်းကို ၎င်းတို့အနေနှင့် မီးမောင်းထိုး ထုတ်ဖော်ပြသရန် တိုက်တွန်းလျက်ရှိပါသည်။ အစိုးရအနေဖြင့် လက်ရှိကန့်သတ်မှုများကို ရုတ်သိမ်းပေးပြီး နောင်အခါတွင်လည်း နိုင်ငံရှိ မည်သည့်နေရာဒေသ၌မဆို အင်တာနက် အသုံးပြုခွင့်ကို ကန့်သတ်ခြင်းမှ ရှောင်ကြဉ်ရန်အတွက် အစိုးရအား တိုက်တွန်းရေးကို ကျွန်ုပ်တို့အနှင့်အတူ ပူးပေါင်းလုပ်ဆောင်ရန် အထက်တွင်ဖော်ပြ ထားသော အဖွဲ့အစည်းများအား တောင်းဆိုလျက်ရှိပါသည်။

အင်တာနက်ဖြတ်တောက်မှုများသည် လွယ်ကူချောမွေ့စွာ စီးပွားရေးလုပ်ဆောင်နိုင်ရေး အတွက် အဟန့်အတားဖြစ်စေသည်။ သို့ဖြစ်ရာ ဝင်ငွေနှင့် အလုပ်အကိုင်ရရှိမှု အပေါ်တွင် ဆိုးရွားစွာထိခိုက်စေနိုင်ပါသည်။ ရွေးကောက်ခံကိုယ်စားလှယ်များအပါအဝင် ရခိုင်ပြည်နယ်ရှိ သက်ဆိုင်ရာ တာဝန်ရှိသူများကလည်း မိုဘိုင်းငွေကြေးဝန်ဆောင်မှုများအား ဖြတ်တောက်ခံထားရခြင်း နှင့် အသေးစားစီးပွားရေးလုပ်ငန်းများအတွက် အခက်အခဲများ ဖြစ်ပေါ်နေခြင်း စသည့် ၎င်းတို့၏ သက်ဆိုင်ရာရွေးကောက်ခံနေရာများတွင် ဖြစ်ပေါ်လျက်ရှိသည့် စီးပွားရေးဆိုင်ရာ ဆိုးကျိုးသက်ရောက်မှုများအား ထောက်ပြဆွေးနွေးခဲ့ကြပြီးဖြစ်သည်။ ယခုခေတ်တွင် များစွာသော အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်များသည် ၎င်းတို့ ဖောက်သည်များနှင့် ကုန်သွင်းသူများအား ချိတ်ဆက်ဆောင်ရွက်ရာတွင် အင်တာနက်အား အသုံးပြုနေကြသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးအတွက် အခရာကျသော စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်သူ လယ်သမားများသည်လည်း ကောက်ပဲသီးနှံ ပိုးမွှားကာကွယ်မှုဆိုင်ရာ အကြံပေးချက်များ၊ မိုးလေဝသ ခန့်မှန်းကြေငြာချက်များနှင့် ဈေးနှုန်းနှင့်သက်ဆိုင်သော သတင်းအချက် အလက်များကို သိရှိနိုင်ရန်အတွက် အွန်လိုင်းကို ပိုမို၍ အသုံးပြုလာကြသည်။ ထို့အပြင် အင်တာနက် ဖြတ်တောက်မှုသည် ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ စီးပွားရေးလုပ်ငန်းအားလုံးအား ဘက်ပေါင်းစုံက ဆိုးကျိုးသက်ရောက်မှုများစွာ ဖြစ်ပေါ်စေပါသည်။


အင်တာနက် လက်လှမ်းမှီ အသုံးပြုခွင့်ရရှိရေးသည် ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်မှု မှတ်တိုင်များ (Sustainable Development Goals) နှင့် လူ့အခွင့်အရေးများအတွက် အရေးကြီးကြောင်းကို ကုလသမဂ္ဂရှိ ဆွေးနွေးပွဲများတွင် အဓိကထား ဆွေးနွေးလျက်ရှိ ကြသည့် အကြောင်းအရာဖြစ်ပါသည်။ ၂၀၁၈ ခုနှစ်တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက “အင်တာနက်ပေါ်ရှိ လူ့အခွင့်အရေးများကို မြှင့်တင်ခြင်း၊ ကာကွယ်ခြင်းနှင့် ရရှိခံစားပိုင်ခွင့်” အတွက် ပဋိဉာဉ်တစ်ရပ်ကို ဆက်လက်သဘောတူညီခဲ့ကြသည်။ ထို့အပြင် ၂၀၁၅ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော 'လွတ်လပ်စွာ ထုတ်ဖော်ရေးသား ပြောဆိုခြင်းနှင့် ပဋိပက္ခ ဖြစ်ပွားလျက်ရှိသော အခြေအနေများအတွက် ပြန်ကြားချက်များဆိုင်ရာ ပူးတွဲထုတ်ပြန်ချက်' တွင် ကုလသမဂ္ဂရှိ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်များက 'အင်တာနက်ပေါ်တွင် အကြောင်းအရာများကို စိစစ်ခြင်း၊ ဆက်သွယ်ပြောဆိုမှုများကို ဖြတ်တောက်ခြင်းနှင့် သတင်းကြေညာထုတ်လွှင့်မှုဌာနများကို လွှဲယူသိမ်းပိုက်ခြင်းတို့သည်လည်း လူ့အခွင့်အရေးဥပဒေအရ လက်မခံနိုင်သော ဆောင်ရွက်မှုများပင်ဖြစ်သည်' ဟု သုံးသပ်ဖော်ပြခဲ့ကြသည်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Yanghee Lee ကလည်း လတ်တလော ဖြစ်ပေါ်လျက်ရှိသော အင်တာနက်ဖြတ်တောက်မှုအပေါ်တွင် ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ပြီး Amnesty International နှင့် ဆွီဒင်သံရုံးကလည်း ကြေညာချက်များ ထုတ်ပြန်ခဲ့ကြသည်။


© 2024 Myanmar Centre for Responsible Business