မြန်မာ့သတ္တုတွင်းလုပ်ငန်း ရေရှည်တည်တံ့ခိုင်မြဲစေဖို့ သစ်လွင်သော ဓာတ်သတ္တု သယံဇာတဆိုင်ရာမူဝါဒနှင့် ဥပဒေများ လိုအပ် - သတင်းမီဒီယာစင်တာ
You are here Home » သတင်းမီဒီယာစင်တာ » မြန်မာ့သတ္တုတွင်းလုပ်ငန်း ရေရှည်တည်တံ့ခိုင်မြဲစေဖို့ သစ်လွင်သော ဓာတ်သတ္တု သယံဇာတဆိုင်ရာမူဝါဒနှင့် ဥပဒေများ လိုအပ်

မြန်မာ့သတ္တုတွင်းလုပ်ငန်း ရေရှည်တည်တံ့ခိုင်မြဲစေဖို့ သစ်လွင်သော ဓာတ်သတ္တု သယံဇာတဆိုင်ရာမူဝါဒနှင့် ဥပဒေများ လိုအပ်

The Mining SWIA includes in-depth analysis of existing Myanmar policy and legal frameworks relevant to the mining sector. Photo: Ian M. Watkinson
The Mining SWIA includes in-depth analysis of existing Myanmar policy and legal frameworks relevant to the mining sector. Photo: Ian M. Watkinson

မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) က သတ္တုတွင်း လုပ်ငန်း ကဏ္ဍ၏ သက်ရောက်မှုများအား လေ့လာဆန်းစစ်ခြင်း (Sector-Wide Impact Assessment (SWIA) on the mining sector) အစီရင်ခံစာကို ထုတ်ဝေလိုက်ပါသည်။ SWIA ကို တိုင်းဒေသကြီးနှင့် ပြည်နယ် ၈ ခုတို့တွင် ခဲမဖြူ၊ ရွှေနှင့် ထုံးကျောက် သတ္တုလုပ်ငန်းမျာအား အဓိကထား၍ ကွင်းဆင်းသုတေသန လုပ်ငန်းများ ပြုလုပ်ခဲ့ပါသည်။ ယခု ထုတ်ဝေသည့် SWIA အစီရင်ခံစာသည် MCRB ၏ စတုတ္ထမြောက် အစီရင်ခံစာလည်း ဖြစ်ပါသည်။

Complete Mining SWIA
Document PDF, 7645 downloads, မတ် 08, 2018
Executive Summary and Recommendations (English)
Document PDF, 3277 downloads, မတ် 08, 2018
အစီရင်ခံစာ အနှစ်ချုပ် (ဗမာ)
Document PDF, 3636 downloads, မတ် 08, 2018

ကွင်းဆင်းသုတေသန လုပ်ငန်းများ၊ တည်ဆဲဥပဒေများ၊ လက်ရှိကနဦး ဆောင်ရွက်နေမှုများကို ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်ကာ မြန်မာအစိုးရနှင့် သတ္တုလုပ်ငန်းကုမ္ပဏီများအား အကြံဉာဏ်များ ပေးနေသည့် နိုင်ငံတကာနှင့် ဒေသတွင်း ကျွမ်းကျင်ပညာရှင်များ၏ ဆွေးနွေးချက်များအရ မြန်မာနိုင်ငံ တွင် တာဝန်ယူမှုရှိသော သတ္ထုတွင်းလုပ်ငန်းများဖြစ်ပေါ်လာရန်အတွက် အဓိကစိန်ခေါ်မှု ငါးရပ်အား သတ်မှတ်ဖော်ထုတ်ထားပါသည်။ ၎င်းစိန်ခေါ်မှုငါးရပ်မှာ-

  1. သတ္ထုတွင်းလုပ်ငန်းနှင့် ဆက်နွယ်သည့် မူဝါဒများ၊ ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများမှာ ရှင်းလင်းမှု မရှိခြင်းနှင့် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုဖြစ်လာစေရန် အဟန့်အတားများ ရှိနေခြင်း။

  2. သတ္ထုတွင်းလုပ်ငန်းကြောင့် သဘာဝပတ်ဝန်းကျင်၊ လူမှုရေးနှင့် လူ့အခွင့်အရေးများဆိုင်ရာ သက်ရောက်မှုများအား စောင့်ကြည့်ရန်နှင့် ကိုင်တွယ်ဖြေရှင်းရန် တာဝန်ရှိသည့် အစိုးရနှင့် စီးပွားရေး လုပ်ငန်းရှင်များ၏ စွမ်းဆောင်ရည်မှာ အကန့်အသတ်ရှိနေခြင်း။

  3. ဓါတ်သတ္ထုလုပ်ငန်းကြောင့် ဖြစ်ပေါ်လာသော သဘာဝပတ်ဝန်းကျင်၊ လူမှုရေးနှင့် လူ့အခွင့်အရေး ဆိုင်ရာ ထိခိုက်မူများ ဒေသခံများအပါ် သက်ရောက်ခြင်း။

  4. ပဋိပက္ခဖြစ်ပွားရာဒေသများရှိ သတ္ထုလုပ်ငန်းဆိုင်ရာ အုပ်ချုပ်မှုစနစ်မှာ လွန်စွာပြဿနာ ရှိနေခြင်း။

  5. သတ္ထုတွင်းလုပ်ငန်းကဏ္ဍတွင် တရားမဝင် တူးဖော်မှုများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေခြင်းအား ကိုင်တွယ်ဖြေရှင်းရန် လိုအပ်နေခြင်း။

ယနေ့ ရန်ကုန်မြို့တွင် ကျင်းပသည့် အစီရင်ခံစာ ထုတ်ဝေသည့် အခမ်းအနားတွင် MCRB ၏ ဒါရိုက် တာဗစ်ကီဘိုမန်က

“အသစ်ပြင်ဆင်ထားတဲ့ မြန်မာ့သတ္တုတွင်းဥပဒေက လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုကျော် လောက်ကတည်းက ပြဌာန်းခဲ့တဲ့ဥပဒေကို အခြေခံပြီး ပြန်ယူ သုံးထားတာပါ။ အဲ့ဒီ ၁၉၉၄ကပြဌာန်းခဲ့တဲ့ သတ္တုတွင်းဥပဒေကလည်း ခေတ်နှင့် ဆီလျော်မှု မရှိတော့ပါဘူး။ ဒါ့အပြင် သတ္တုတွင်းနှင့် ကျောက်မျက် လုပ်ငန်းဆိုင်ရာ ဥပဒေမူဘောင် တွေကလည်း သီးခြားစီပဲ ဖြစ်နေပါတယ်။ ၂၀၁၅ ခုနှစ်က ပြင်ဆင်ခဲ့တဲ့ သတ္တုတွင်း ဥပဒေမှာလည်း သာမန်အချက်တွေကိုပဲ ပြင်ဆင်ထားတာ တွေ့ရပါတယ်။ နောက်ပြီး မကြာခင် ထွက်လာ တော့မယ့် ၂၀၁၈ နည်းဥပဒေ ကလည်း ဒီပြင်ဆင်ထားတဲ့ ဥပဒေကိုပဲ အခြေခံရမှာ ဖြစ်တဲ့အတွက် အဲ့ဒါဟာ အပေါ်ယံ သက်သက်ပဲဖြစ်မှာပါ။” ဟုပြောသည်။

“မြန်မာ့သတ္တုလုပ်ငန်းအတွက် ချဉ်းကပ်လုပ်ဆောင်နေတာတွေကို ပြန်လည်သုံးသပ်ဖို့ လိုအပ် ပါတယ်။ ကျမတို့ရဲ့ သုတေသနအဖွဲ့က ဒီဆန်းစစ်လေ့လာမှုတွေကို လုပ်ခဲ့တဲ့အချိန်မှာ ဆိုးကျိုး သက်ရောက်မှု တော်တော်များများရှိတာကို တွေ့ရှိခဲ့ပါတယ်။ ထိခိုက်နစ်နာမှု အများစုကို အလုပ်သမားများ အပါအ၀င် အမျိုးသမီးနဲ့ ကလေးအပါအဝင် ခံစားရပြီး၊ ပတ်ဝန်းကျင်ကိုလည်း များစွာ ထိခိုက်မှုရှိတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ ခေတ်နှင့်ကိုက်ညီတဲ့ ဓာတ်သတ္တုဆိုင်ရာ Cadaster ကိုဆောင်ရွက်တဲ့အခါမှာ EITI ရဲ့စံနှုန်းတွေနဲ့ ကိုက်ညီဖို့ အတွက်လည်း ပြန်လည် သုံးသပ်သင့်ပါတယ်။ မြန်မာ့သတ္တုတွင်းကဏ္ဍ ရေရှည်တည်တံ့ပြီး ဖွံ့ဖြိုးမှုတွေဖြစ်လာဖို့ ဆန်းသစ်တဲ့စတင်မှုတွေ၊ ရှင်းလင်းတဲ့ မူဝါဒဆိုင်ရာ ရည်ရွယ်ချက်တွေ နှင့်ရိုးရှင်းတဲ့ ဥပဒေတွေ မုချလိုအပ် ပါတယ်။ ”

“SWIA အစီရင်ခံစာထဲမှာ ကျမတို့ အကြံပြုထားတာတစ်ခုက လက်ရှိမှာစဉ်းစားနေတဲ့ အမျိုးသား အဆင့် ဓာတ်သတ္တုသယံဇာတဆိုင်ရာ မူဝါဒပေါ်ပေါက်လာဖို့ ဆောင်ရွက်နေချိန်မှာ ပွင့်လင်းမြင်သာစွာ အကြံဉာဏ်ရယူတဲ့ လုပ်ငန်းစဉ်တွေကို အစိုးရက လုပ်ဆောင်ဖို့ပါ။ မူဝါဒကို ချက်မှတ်တဲ့အခါမှာလည်း ကျောက်မျက်အပါအ၀င် ဓာတ်သတ္တုအမျိုးအစားအားလုံး ပါဝင်ဖို့လိုသလို အစိုးရဌာန အချင်းချင်းကြား ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ လိုပါတယ်။ ဒီ မူဝါဒကလည်း ငြိမ်းချမ်းရေးနှင့် သဘာဝ သယံဇာတ ဖက်ဒရယ်စနစ်ကို အကောင်အထည်ဖော် တည်ဆောက်တဲ့နေရာမှာ အထောက်အပံ့ ဖြစ်အောင်ပုံဖော် သင့်ပါတယ်။ ဒါ့အပြင် နိုင်ငံတကာက ကျွမ်းကျင်မှုတွေနဲ့ အတွေ့အကြုံတွေကိုလည်း ရယူသင့်ပါတယ်။ ရေရှည် တည်တံ့တဲ့ သတ္တုကဏ္ဍအဖြစ် တည်ရှိနေဖို့ ဒီကဏ္ဍနဲ့ဆက်စပ်တဲ့ ဥပဒေအားလုံးကို ပြင်ဆင် မွမ်းမံနိုင်ဖို့ ဒီမူဝါဒက အခြေခံအဖြစ် ဖြည့်ဆည်း ပေးဖို့လိုပါတယ်” ဟု ဆက်လက် ပြောကြားခဲ့သည်။

MCRB ကိုပူးတွဲ တည်ထောင်ထားသော အဖွဲ့လည်းဖြစ်သလို SWIA အတွက် ကျွမ်းကျင်သည့် အကြံပြုချက်များ ထောက်ပံ့ပေးသော Danish Institute for Human Rights (DIHR) ၏ လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးရေးဌာနမှ ဒါရိုက်တာ Claus Teilmann Petersen ကလည်း ရန်ကုန်မြို့တွင် ပြုလုပ်သည့် အစီရင်ခံစာ ထုတ်ဝေသည့် ပွဲကို တက်ရောက်ခဲ့ပါသည်။ ၎င်းက

“မြန်မာအစိုးရက လက်လုပ်လက်စား သတ္တုတူးဖော်ရေးလုပ်ငန်းတွေကို တရားမ၀င် သတ်မှတ်ထားရာကနေ တရားဝင် ဖြစ်လာဖို့ လုပ်ဆောင်နေတာကို ကြိုဆိုပါတယ်။ လက်လုပ်လက်စား သတ္တုတူးဖော်ရေးလုပ်ငန်း တွေဟာ လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ကို သိသိသာသာ ဆိုးကျိုးသက်ရောက်မှုတွေ ရှိပါတယ်။ တဖက်မှာလည်း ဆင်းရဲတဲ့ လူထောင်ပေါင်းများစွာအတွက် အကျိုးပြုနေပါတယ်။ “

“လက်လုပ်လက်စား သတ္တုတူးဖော်ရေးလုပ်ငန်းတွေကို တရားဝင်ဖြစ်လာအောင် လုပ်ရတာဟာ ခက်ခဲတဲ့ လုပ်ငန်းပါပဲ။ အဲ့ဒါကို လိုင်စင်ထဲမှာ စည်းကမ်းချက်တွေ သတ်မှတ်ပြီးတော့ လွယ်ကူရိုးရှင်းစွာ ကိုင်တွယ်ဖြေရှင်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် တခြားသော နိုင်ငံတွေမှာ ကြုံတွေ့ခဲ့ရတဲ့ သင်ခန်း စာတွေကိုကြည့်ရင် မြန်မာနိုင်ငံအတွက် အထောက်အကူဖြစ် စေနိုင်ပါတယ်။ လက်လုပ်လက်စား သတ္တုလုပ်ငန်းဆိုင်ရာစီမံခန့်ခွဲမှု မဟာဗျူဟာကို ထိထိရောက်ရောက်ဖြစ်ဖို့ အဓိက အချက်အနေနဲ့ ထည့်သွင်းရမှာကတော့ အစိုးရက ပါတ်သက်ဆက်နွယ်သူတွေ အပါအ၀င် လက်လုပ်လက်စား သတ္တုလုပ်ငန်း လုပ်ကိုင်နေသူတွေနဲ့ တိုင်ပင်ပြီး ဘယ်လိုလုပ်ဆောင် မလဲဆိုတာ ညှိနှိုင်း အကြံညဏ် ရယူဖို့ပါပဲ။ လက်လုပ်လက်စား သတ္တုလုပ်ငန်းတွေရဲ့ သဘောသဘာဝတွေကို အသေးစိတ် ထည့်သွင်း စဉ်းစားမှုမရှိတဲ့ ဘယ်လို ချဉ်းကပ်လုပ်ဆောင်မှုမျိုးမဆို သူတို့ရဲ့ အသက်မွေး ၀မ်းကျောင်း ဆိုင်ရာ အခွင့်အရေးကို ထိခိုက်စေမှာဖြစ်ပါတယ်” ဟုဆိုသည်။

သတ္ထုကဏ္ဍ၏သက်ရောက်မှုများအား လေ့လာဆန်းစစ်ခြင်း၏ သုတေသနလုပ်ငန်း (SWIA) ကို သတင်းအချက်အလက်၊ တဆင့်ရရှိသော စာရွက်စာတမ်းနှင့် မှတ်တမ်းများအား လေ့လာခြင်းအပြင် မန္တလေး၊ စစ်ကိုင်း၊ ပဲခူး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်း၊ ကယား၊ ကချင်နှင့် ကရင်ပြည်နယ်ရှိ ရွှေ၊ ခဲမဖြူ နှင့် ထုံးကျောက် လုပ်ငန်းများကို ၂၀၁၆ ခုနှစ် အတွင်းတွင် ကွင်းဆင်း လေ့လာခြင်းများ ပြုလုပ်ခဲ့ပါသည်။ ၎င်း ( SWIA) တွင် သတ္တုကဏ္ဍနှင့် ဆက်စပ်သည့် တည်ဆဲဥပဒေ မူဘောင်များနှင့် မူဝါဒများကိုလည်း အသေးစိတ် ဆန်းစစ် သုံးသပ်ချက်များ ပါဝင်သည့်အပြင် ရင်းနှီးမြှုပ်နှံမှု၊ သဘာဝပတ်ဝန်းကျင်နှင့် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ မူဘောင်များနှင့် စီးပွားရေး၊ နိုင်ငံရေးနှင့် နောက်ခံ သမိုင်းကြောင်းဆိုင်ရာ ဆက်စပ်စဉ်းစားရမည့် အကြောင်းအရာများလည်း ပါဝင်ပါသည်။

စီးပွားရေး၊ ကောင်းမွန်သည့် အုပ်ချုပ်မှုစနစ်၊ သဘာဝပတ်ဝန်းကျင်၊ လူမှုရေးနှင့် လူ့အခွင့်အရေး ဆိုင်ရာ သက်ရောက်မှုများအား (Sectoral Level) ကဏ္ဍအဆင့်တွင် ဆန်းစစ်လေ့လာခြင်းတို့အပြင် (Project-level and Cumulative Impacts) စီမံကိန်းအဆင့်နှင့် ဆက်စပ်သက်ရောက်မှုများ အဆင့်တို့တွင် ရပ်ရွာအသိုင်းအ၀ိုင်း၊ မြေယာ၊ အလုပ်သမားနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး၊ အမျိုးသမီးများနှင့် ကလေးများ၊ ပဋိပက္ခနှင့် လုံခြုံရေး၊ သဘာဝပတ်ဝန်းကျင် နှင့်ဂေဟစနစ် ၀န်ဆောင်မှုများ၏ ဆက်စပ်သည့် သက်ရောက်မှုများကိုလည်း ဆန်းစစ်ထားပါသည်။

SWIA မှ အစိုးရ၊ ကုမ္ပဏီများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် အခြားသောအစိုးရများသို့ အကြုံပြုချက်များ ပေးထားပါသည်။ (နောက်စာမျက်နှာ တွင်ကြည့်ပါ။)


သတ္တုလုပ်ငန်းကဏ္ဍ၏ သက်ရောက်မှုများအား လေ့လာဆန်းစစ်ခြင်း၏ အစီရင်ခံစာ အနှစ်ချုပ်နှင့် အကြံပြုချက်များ


မြန်မာနိုင်ငံ၏ အစိုးရသို့ အကြံပြုချက်များ

  1. အမျိုးသားအဆင့် ဓာတ်သတ္ထုသယံဇာတ မူဝါဒကို အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် ၎င်းကို သတ္တုတွင်းဆိုင်ရာ စည်းမျဉ်း ဥပဒေအသစ်အတွက် အခြေခံအဖြစ်အသုံးပြုရန်၊ မြန်မာ့ ဓာတ်သတ္တု သယံဇာတမှ ဒေသခံများအတွက် အကျိုးရှိစေရန်နှင့် ပဋိပက္ခသို့ တွန်းအားပေးမှုများ ဆက်လက် မဖြစ်ပွားစေရေး သေချာစေရန်။

  2. သဘာဝပတ်ဝန်းကျင်ဆိုင်ရာ၊ ဘေးအန္တရာယ်ဆိုင်ရာ၊ ရင်းနှီးမြှပ်နှံမှုဆိုင်ရာနှင့် သတ္ထုတွင်းဆိုင်ရာ ပါမစ်များကို ထုတ်ပေးရာတွင် ရိုးရှင်းမှုနှင့် ဆက်စပ်ကိုက်ညီမှုရှိရန် လိုအပ်ပြီး ဥပဒေများမှာလည်း ၎င်းတို့အား အထောက်အပံဖြစ်စေရန်။

  3. သတ္ထုတွင်းလုပ်ငန်း၌ ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ ကာကွယ်မှုများ လုပ်ဆောင်ရန်အတွက် ကိုက်ညီမှုမရှိသည်များနှင့် လစ်ဟာမှုများကို ဖြေရှင်းရန်။

  4. ဥပဒေများနှင့် ပါမစ်နှင့်သက်ဆိုင်သော တာဝန်၊ ၀တ္တရားများအား လိုက်နာမှု တိုးတက်လာစေရေး တွန်းအားပေးရန်။

  5. တရားစီရင်ရေးနှင့် ပြင်ပတရားစီရင်ရေးစနစ်များနှင့် ဆိုင်သော ကုစားသည့် လုပ်ငန်းစဉ်များ အားကောင်းလာစေရန်။

  6. အများပြည်သူ ပူးပေါင်းပါဝင်ခြင်းနှင့် ပွင့်လင်းမြင်သာမှုများ တိုးတက်လာစေရန်။

  7. လက်လုပ်လက်စား သတ္တုလုပ်ငန်းများ တရာဝင်ဖြစ်လာစေရေး တိုးမြှင့်လုပ်ဆောင်ရန်နှင့် အန္တရာယ် ဖြစ်စေနိုင်သည့် အလေ့အကျင့်များကို လျော့ချရန်။

သတ္ထုတွင်းကဏ္ဍာရှိ ကုမ္ပဏီများသို့ အကြံပြုချက်များ

  1. တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းများ၏ ပြုမှုလုပ်ဆောင်မှုများအတိုင်း နိုင်ငံတကာ စံနှုန်းများနှင့် အညီ ကျင့်သုံး လုပ်ဆောင်ရန်။

  2. ဖြစ်နိုင်ခြေရှိသည့် သက်ရောက်မှုများအား ကြိုတင်သိမြင်ရန် စစ်ဆေးခြင်းနှင့် ထိခိုက် စေနိုင်သည့် သက်ရောက်မှုများအား ကြိုတင်တားဆီးခြင်းလုပ်ငန်း (due diligence) များကို အကောင် အထည်ဖော် ဆောင်ရွက်ရန်။

  3. ဆိုးကျိုးသက်ရောက်မှုများကို ရှာဖွေဖော်ထုတ်ရန်နှင့် လျော့ချမှုများ ပြုလုပ်ရန်။

  4. ပဋိပက္ခဖြစ်ပွားရာ နေရာများတွင် due diligence ကို အရှိန်မြှင့် အကောင်အထည်ဖော် ဆောင်ရွက် ရန်။

  5. သတ္ထုတွင်းလုပ်ငန်းတစ်ခုချင်းစီတွင် မကျေလည်မှုများနှင့် နစ်နာမှုများကို လုပ်ငန်းခွင် အဆင့်တွင် တိုင်ကြားနိုင်သည့်စနစ် တစ်ခုတည်ထောင်ရန်။

  6. ပါတ်သက်ဆက်နွယ်သူများ အထူးသဖြင့် ဒေသခံများနှင့် အလုပ်သမားများ စသည်တို့နှင့် ညှိနှိုင်း ချိတ်ဆက် ဆောင်ရွက်ရန်။

  7. ဒေသခံများ၏ စွမ်းဆောင်ရည်များ၊ ထုတ်လုပ်မှုကွင်းဆက်နှင့် ဒေသ၏ အကြောင်းကိစ္စများ တိုးတက်လာစေရေး လုပ်ဆောင်ရန်။

  8. တရားဝင်မဟုတ်သော လက်လုပ်လက်စား သတ္တုလုပ်ငန်းများကို တရားဝင်လုပ်ငန်းများ ဖြစ်လာ စေရေး ထောက်ပံ့ကူညီမှုများပြုလုပ်ရန်။

  9. တာဝန်ယူမှုရှိသော သတ္ထုတွင်းလုပ်ငန်းများ၏ အလေ့အကျင့်များ တိုးတက်လာစေရေး စုပေါင်း ဆောင်ရွက်မှုဖြင့် လုပ်ဆောင်ရန်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများသို့ အကြံပြုချက်များ

  1. တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် သတ္ထုတွင်းဆိုင်ရာ မူဝါဒနှင့် ခွင့်ပြုမိန့်များ တိုးတက်လာစေရန်အတွက် ချဉ်းကပ်ဆောင်ရွက်ရန်။

  2. တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် သတ္ထုလုပ်ငန်းများ လုပ်ဆောင်ရန် အတွက် ပါမစ်ထုတ်ပေးခြင်းဆိုင်ရာ စံချိန်စံနှုန်းများနှင့် ကောင်းမွန်သော အုပ်ချုပ်မှုစနစ်များ တိုးတက် လာစေရန်။

  3. သတ္ထုတွင်းလုပ်ငန်းများကြောင့် သက်ရောက်မှုများခံကြရသော ဒေသခံများ၏ အခွင့်အရေး များကို ကာကွယ်ရန်။

အရပ်ဖက်အဖွဲ့အစည်းများသို့ အကြံပြုချက်များ

  1. သတ္ထုတွင်းလုပ်ငန်းများကြောင့် ဆိုးကျိုးသက်ရောက်မှုများခံကြရသော ဒေသခံများအတွက် ကြိုတင် ကာကွယ်ပေးခြင်း၊လျော့ချခြင်းနှင့်ကုစားခြင်းများ ရရှိစေရေး အထောက်အပံ့ပေးရန်။

  2. ဆက်စပ်သော ဥပဒေရေးရာနှင့်မူဝါဒများအား ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်ရန် အတွက် တိုက်တွန်းအားပေးရန်။

  3. ပါတ်သက်ဆက်နွယ်သူအားလုံး ပါဝင်သော ကနဦးဆောင်ရွက်လှုပ်ရှားမှုများတွင် ပါဝင်ခြင်း နှင့် ၎င်းတို့၏ အချက်အလက်များကို အသုံးပြုရန်နှင့် တွေ့ဆုံဆွေးနွေးမှုများအတွက် ကမ်းလှမ်းသည့် အခွင့်အရေးများတွင် ပါဝင်ရန်။

အခြားသော အစိုးရများသို့ အကြံပြုချက်များ။

  1. သတ္တုတွင်းလုပ်ငန်းရှိ သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ ကာကွယ်မှုများ အားကောင်း လာစေရေး နည်းပညာအကူအညီများ ထောက်ပံ့ပေးရန်။

  2. လက်လုပ်လက်စား သတ္တုလုပ်ငန်းများ တရားဝင်ဖြစ်လာစေရေး နည်းပညာ အကူအညီများ ပံ့ပိုးပေးရန်။

  3. ပဋိပက္ခဖြစ်ပွားရာနေရာများရှိ ရေရှည်တည်တံ့မှုမရှိသော သတ္တုလုပ်ငန်းများကြောင့် ဖြစ်ပေါ် လာသော သက်ရောက်မှုများအား ဖြေရှင်းရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အား ထောက်ပံ့ပေးရန်။

  4. မြန်မာနိုင်ငံတွင် တာဝန်ယူမှုရှိစွာဖြင့် ရင်းနှီးမြုပ်နှံနိုင်ရန် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများအား တိုက်တွန်း အားပေးရန်။

Latest Mining SWIA News

© 2024 Myanmar Centre for Responsible Business