“မြန်မာနိုင်ငံရှိ ခရီးသွားလုပ်ငန်းတွင် ဒေသခံများပိုမိုပါဝင်နိုင်ရေးလိုအပ်” - သတင်းမီဒီယာစင်တာ
You are here Home » သတင်းမီဒီယာစင်တာ » “မြန်မာနိုင်ငံရှိ ခရီးသွားလုပ်ငန်းတွင် ဒေသခံများပိုမိုပါဝင်နိုင်ရေးလိုအပ်”

“မြန်မာနိုင်ငံရှိ ခရီးသွားလုပ်ငန်းတွင် ဒေသခံများပိုမိုပါဝင်နိုင်ရေးလိုအပ်”

Souvenir shop at Htilominlo Temple in Bagan.
Souvenir shop at Htilominlo Temple in Bagan.

“ခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှု အရှည်တည်တံ့စေရေး ဒေသဆိုင်ရာ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းများနှင့် ဒေသခံပြည်သူများအကြား ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးလိုအပ်သလို၊ တချိန်တည်းတွင်လည်း ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့် စီးပွားရေးလုပ်ငန်များနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ဆုံးဖြတ်ချက်များတွင် ဒေသခံပြည်သူများ ပိုမိုပါဝင်နိုင်ရေး လိုအပ်လျက်ရှိသည်။”

အဆိုပါအချက်သည် မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်ကူပြုဌာန (Myanmar Centre for Responsible Business – MCRB) နှင့် Hanns Seidel Foundation (HSF) တို့မှ စက်တင်ဘာလ ၃၀ ရက်နေ့မှ အောက်တိုဘာလ ၂ ရက်နေ့အထိ နေပြည်တော်တွင် ကျင်းပခဲ့သော “မြန်မာနိုင်ငံတွင် တာဝန်သိ ခရီးသွားလုပ်ငန်းနှင့် လူ့အခွင့်အရေးများဆီသို့ ချဉ်းကပ်လမ်းစဉ်များ” ဆိုင်ရာ နယ်ပယ်အသီးသီးမှ အကျိုးလိုလားသည့် သက်ဆိုင်သူများပါဝင်သော အလုပ်ရုံဆွေးနွေးပွဲက ထွက်ပေါ်လာသည့် အဓိက အချက်ဖြစ်သည်။ အလုပ်ရုံဆွေးနွေးပွဲသို့ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့် နယ်ပယ်အသီးသီးမှ တာဝန်ရှိသူ ၁၀၀ ကျော် တက်ရောက် ခဲ့ကြသည်။ တက်ရောက်သူများထဲတွင် အစိုးရဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ မြန်မာခရီးသွားလုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းများ၊ ကုမ္ပဏီများ နှင့် မြေယာအခွင့်အရေး၊ ယဉ်ကျေးမှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်များ လုပ်ကိုင်နေကြသော အရပ်ဖက်အဖွဲ့အစည်းများ၊ ထို့အတူ နိုင်ငံတကာမှ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူများ တက်ရောက်ခဲ့ကြသည်။

Agenda (Burmese)
Document PDF, 152.02 KB, 203 downloads, အောက်တိုဘာ 05, 2015

အစီအစဉ်မှတ်တမ်း နှင့် တင်ပြပုံတင်ပြချက်များသည် အွန်လိုင်းပေါ်တွင် မကြာသောအချိန်တွင်ရရှိနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးနှင့် ပတ်သက်၍ ဆွေးနွေးပွဲတွင် ပါဝင်သူများအား ၄င်းတို့၏ အဓိက စိုးရိမ်သည့် အချက်များကို ဖော်ပြရန်တောင်းခံခဲ့သည်။  ၄င်းတို့ စိုးရိမ်သည့် အဓိက အချက် ၁၀ ချက်အနက် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရာဒေသများရှိ စီမံကိန်းရေးဆွဲမှုများတွင် ဒေသခံပြည်သူများ ပါဝင်ပိုင်ခွင့် နည်းပါးခြင်း ဆိုသည့် အချက်သည် တက်ရောက်လာသူ အများစုက ၄င်းတို့ အစိုးရိမ်ဆုံးအချက်အဖြစ် ဖော်ပြခဲ့ကြပြီး တက်ရောက်လာသူများ၏ ၂၀ % က ဖော်ပြခဲ့ကြသည်။  တက်ရောက်သူများဖော်ပြခဲ့သည့် စိုးရိမ်သည့်စာရင်းတွင် ထိပ်ဆုံးမှ ဖော်ပြခံရသည့် အခြားအချက် ၅ ချက်မှာ စွန့်ပစ်ပစ္စည်းများနှင့် ရေအရင်းအမြစ် စီမံခန့်ခွဲရေးကိစ္စများ၊ လုံခြုံရေးကိစ္စရပ်များ၊ မြေယာအသုံးချခွင့်၊ ကျေးရွာများ ရွှေပြောင်းခံရမှု နှင့် ခရီးသွားကဏ္ဍမှ ကလေးငယ်များအပေါ် သက်ရောက်လာနိုင်မှုတို့ဖြစ်သည်။

ကျင်းပခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာအစိုးရ၏ ၂၀၁၃ ခုနှစ်က ရေးဆွဲခဲ့သည့် ခရီးသွားလုပ်ငန်း မဟာဗျူဟာစီမံကိန်း (2013 Tourism Master Plan) ရှိ ပေါင်းစပ်ခြုံငုံပါဝင်သည့် ဇုန်သတ်မှတ်ခြင်း နှင့် စီမံကိန်းရေးဆွဲခြင်းနှင့် ဆက်စပ်သည့် ကိစ္စရပ်များတွင် ဖြစ်ပေါ်တိုးတက်မှုများကို ပြန်လည်သုံးသပ်နိုင်သည့် အခွင့်အရေးကို ရှရှိခဲ့ပါသည်။ ထို့အတူ Hanns Seidel Foundation (HSF) မှ ပံ့ပိုးလုပ်ဆောင်ခဲ့သည့် ၂၀၁၂ ခုနှစ် တာဝန်ယူမှုရှိသည့် ခရီးသွားလုပ်ငန်းဆိုင်ရာ မူဝါဒ (Responsible Tourism Policy 2012) နှင့် ၂၀၁၃ ခုနှစ် ဒေသခံများပူးပေါင်းပါဝင်သည့် ခရီးသွားလုပ်ငန်းဆိုင်ရာ မူဝါဒ (Community Involved Tourism Policy – 2013) များကိုလည်း ပြန်လည်သုံးသပ်ခွင့် ရရှိခဲ့ပါသည်။ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန ပြည်တောင်စုဝန်ကြီး ဦးဌေးအောင်ကလည်း မြန်မာခရီးသွားလုပ်ငန်းကဏ္ဍ ပြုပြင်ပြောင်းလဲမှု အစိတ်အပိုင်းအနေဖြင့် ရေးဆွဲခဲ့သည့်  အထက်ပါ မူဝါဒသုံးရပ်ကို ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများ၏ အခြေခံအဖြစ် ထည့်သွင်းအကောင်အထည်ဖော်သွားမည့် အချက်ကို အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားခဲ့သော ၄င်း၏ အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားသည်။ 

သို့သော်ငြားလည်း အဆိုပါမူဝါဒများသည် ခရီးသွားလုပ်ငန်းတွင် ဒေသခံပြည်သူများ ပိုမိုပါဝင်ရေးအတွက် ခိုင်မာသည့် မူဘောင်တစ်ရပ်ချမှတ်ရေးကို ထည့်သွင်းဖော်ပြထားသော်လည်း လက်တွေ့တွင်မူ မူဝဒါများတွင် ထည့်သွင်းထားသည့်အတိုင်း လုပ်ဆောင်ခြင်းမရှိသည်ကို တက်ရောက်လာသူအများစုက ပြောကြားသည်။ ယင်းသို့ မလုပ်ဆောင်နိုင်သည့် အကြောင်းရင်းများမှာ လုပ်ကိုင်နိုင်သည့် စွမ်းရည်မရှိခြင်း၊ ဆုံးဖြတ်ချက်များ ချမှတ်လုပ်ဆောင်ရာတွင် ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် ငွေကြေးနှင့် အချိန်ပေးနိုင်မှု မရှိခြင်းတို့ကြောင့် ဖြစ်သည်ကိုတွေ့ရသည်။ အုပ်ချုပ်ရေးပိုင်းမှ လုပ်ကိုင်လိုသည့် ပြင်းပြသည့် နိုင်ငံရေး စိတ်ဆန္ဒ (political will) အပြင် ဖွံ့ဖြိုးရေးထောက်ကူပြုအဖွဲ့များမှ ငွေကြေးနှင့် နည်းပညာထောက်ကူမှုများ ပိုမိုပြုလုပ်ရန် လိုအပ်ချက်ကိုလည်း တက်ရောက်သူများ၏ ဆွေးနွေးချက်များတွင် တွေ့ရှိရသည်။

MCRB က ပုဂံ၊ အင်းလေး နှင့် တံတားဦး (မန္တလေး) ဒေသများရှိ ဟိုတယ်ဇုန်တည်ဆောင်မှုများအပေါ် သုတေသန ပြုလုပ်ခြင်းမှ ပဏမလေ့လာ တွေ့ရှိချက်များကို တင်ပြဆွေးနွေးခဲ့ပါသည်။ အဆိုပါ ပဏမတွေ့ရှိချက်များတွင် တံတားဦးဟိုတယ်ဇုန် ဆောက်လုပ်ရာတွင် မြေယာနှင့် သီးနှံများအပေါ် လျော်ကြေးငွေကိစ္စ မညီမျှမှုများကြောင့် ဒေသခံများအကြား ပဋိပက္ခများ၊ လုပ်ငန်းအပေါ် ယုံကြည်မှုမရှိခြင်း နှင့် မြေယာဈေးကစားမှုများအပေါ် မကျေနပ် ချက်များရှိသည်ကို တွေ့ရှိရသည်။ အင်းလေးဟိုတယ်ဇုန်တည်ဆောက်ရာတွင်လည်း ဒေသခံပြည်သူများ နှင့် လာရောက်လည်ပတ်သူများက သဘာဝပတ်ဝန်းကျင်အပေါ်ထိခိုက်မှုများနှင့် တောတောင်ရေမြေရှုခင်းအပေါ် ထိခိုက်မှုများကို ဖော်ပြခဲ့ကြသည်။  ပုဂံတွင် ဟိုတယ်ဇုန်များဖော်ဆောင်ရေးလုပ်ငန်းများအပေါ် လေ့လာ ဆန်းစစ်ခြင်းမှ ရရှိသည့် အဓိက တွေ့ရှိချက်များတွင် မြေယာလျော်ကြေးငွေကိစ္စများနှင့် လူမှုဘဝထိခိုက်မှုများ မပါဝင်ပေ။ သို့သော် ရှေးဟောင်းယဉ်ကျေးထိန်းသိမ်းရေးအတွက် ကန့်သတ်ထားသည့် နေရာဒေသများတွင် ဟိုတယ်များ တည်ဆောက်ခြင်း၏ တရားဝင်မှုနှင့် စီမံကိန်းများအတွက် ဆုံးဖြတ်ချက်များ ချမှတ်လုပ်ဆောင်ရာတွင် ပွင့်လင်း မြင်သာမှုရှိရေးနှင့် ချမှတ်သည့် ဆုံးဖြတ်ချက်များ တသမတ်တည်း ဖြစ်ရေးအပေါ် လိုအပ်ချက်များရှိသည်ကို တွေ့ရှိရသည်။  Tourism Transparency မှ လည်း ကချင်ပြည်နယ် အင်းတော်ကြီးဒေသနှင့် ချင်းပြည်နယ် နတ်မတောင် အပါအဝင် ပေါ်ထွက်လာသည့် ခရီးသွားဒေသအသစ်များနှင့် အင်းလေးဒေသတို့ရှိ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များနှင့် ဒေသခံပြည်သူများ၏ လူနေမှုဘဝများအပေါ် ထိခိုက်နိုင်သည့် အချက်များကို တင်ပြဆွေးနွေးခဲ့သည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ဒေသမှပူးပေါင်းပါဝင်သည့် ခရီးသွားလုပ်ငန်းများ (Community Involvement in Tourism -CIT) ဖွံ့ဖြိုးရေးကဏ္ဍတွင် ကောင်းသောဖြစ်ထွန်းမှုများအကြောင်းကိုလည်း တင်ပြဆွေးနွေးခဲ့ကြသည်။ International Trade Center (ITC) က ထိုင်းနိုင်ငံတွင် ဖွံ့ဖြိုးပြီးဖြစ်သည့် ဒေသမှပူးပေါင်းပါဝင်သည့် ခရီးသွားလုပ်ငန်းများကို လေ့လာကာ ကယားပြည်နယ်ရှိကျေးရွာများအား ယဉ်ကျေးမှုနှင့် သဘာဝပတ်ဝန်းကျင် လေ့လာရေးခရီးစဉ်များ ဖြစ်ထွန်ပေါ်ပေါက်ရေးအတွက် ပံ့ပိုးပေးလျက်ရှိရာ ၄င်းတို့၏ လုပ်ဆောင်မှုများကို တင်ပြဆွေးနွေးခဲ့သည်။ ထို့အတူ Peace Nexus နှင့် Action Aid အဖွဲ့အစည်းများ၏ အသီးသီး ပံ့ပိုးမှုများဖြင့် သံတောင်ကြီးဒေသနှင့် ပခုက္ကူဒေသများတွင် နိုင်ငံခြားခရီးသွားများအပါအဝင် လာရောက်လည်ပတ်သူများအတွက် နေရာထိုင်ခင်းနှင့် မနက်စာ ရရှိနိုင်သည့် (Bed and Breakfast) တည်းခိုစရာနေရာများကို သက်ဆိုင်ရာမှခွင့်ပြုပြီး ဖြစ်ရာ ခရီးသွားများအနေဖြင့် ညအိပ်နေထိုင်နိုင်ပြီဖြစ်ပြီး ခရီးသွားလုပ်ငန်းမှ စီးပွားရေး အကျိုးကျေးဇူးများကို ဒေသမှ ပို၍ ခံစားနိုင်မည်ဖြစ်သည်။

ခရီးသွားလုပ်ငန်းကို လူ့အခွင့်အရေးအမြင်မှ ကြည့်ရှုသုံးသပ်ခွင့်ကိုလည်း အလုပ်ရုံဆွေးနွေးပွဲတွင် ရရှိခဲ့ပါသည်။ MCRB မှ ၂၀၁၅ ဖေဖော်ဝါရီတွင် ထုတ်ပြန်ခဲ့သည့် ခရီးသွားလုပ်ငန်းအပေါ် ကဏ္ဍအပေါ် လေ့လာဆန်းစစ်ခြင်း (Sector-wide Impact Assessment (SWIA) on Tourism) တွင် ဖော်ပြခဲ့သည့် ခရီးသွားလုပ်ငန်းမှ လူ့အခွင့်အရေးအပါ် ကောင်းကျိုး၊ ဆိုးကျိုးသက်ရောက်မှုများအကြောင်းကိုလည်း ယခုကျင်းပခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲ တင်ပြဆွေးနွေးခဲ့ပါသည်။ ဆွစ်ဇာလန်နိုင်ငံ အခြေဆိုက် Kuoni Travel ကုမ္ပဏီ မှ Matthias Leisinger မှလည်း ၄င်းကုမ္ပဏီက ဆောင်ရွက်သည့် ခရီးသွားလုပ်ငန်းများတွင် လူအခွင့်အရေးဆိုင်ရာကိစ္စရပ်များ ထည့်သွင်းလုပ်ဆောင်နေသည့် အချက်ကို ထည့်သွင်းဆွေးနွေးခဲ့သည်။ ၄င်းက Kuoni Travel သည် ဥရောပတွင် လူ့အခွင့်အရေးနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ စားပွဲဝိုင်းဆွေးနွေးပွဲ (Roundtable: Human Rights and Tourism) ဟု လူသိများသည့် နယ်ပယ်အသီးသီးမှ အကျိုးလိုလားသည့် သက်ဆိုင်သူများပါဝင်သည့် လုပ်ဆောင်မှုတွင် အဖွဲ့ဝင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်လာသူများက ခရီးသွားလုပ်ငန်းကဏ္ဍမှ ကလေးငယ်များအပေါ် သက်ရောက်မှုများ၊ ကဏ္ဍတွင် လုပ်ကိုင်နေသူများနှင့် ခရီးသွားများ၏ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ စသည်တို့ အပါအဝင် လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များကို ဖြေရှင်းနိုင်ရေး နိုင်ငံတွင်းရှိ အကျိုးလိုလားသည့် သက်ဆိုင်ရာပုဂ္ဂိုလ်များ ပူးပေါင်းလုပ်ဆောင်နိုင်သည့် အချက်များကို ဆွေးနွေးခဲ့ကြသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့သည့် အခြားအချက်တစ်ခုမှာ ခရီးသွားကဏ္ဍဖွံ့ဖြိုးမှုနှင့် အတူ မြန်မာ့ယဉ်ကျေးမှုနှင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးကို ပေါင်းစပ် လုပ်ဆောင်နိုင်သည့် အကြောင်းအရာများဖြစ်သည်။ ခရီးသွားဒေသနေရာသစ်များတွင် လုပ်ဆောင်လျက်ရှိသည့် ဒေသမှပူးပေါင်းပါဝင်သည့် ခရီးသွားလုပ်ငန်းများ (CIT) များအပြင် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သရေခတ္တရာမြို့ဟောင်း အပါအဝင် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း (World Heritage Sites) ဝင် ပျူမြို့ဟောင်းများအား ပြည်တွင်းနှင့် ပြည်ပခရီးသွားများ လာရောက်လည်ပတ်နိုင်သည့် ခရီးသွားဒေသများအဖြစ် ဖြစ်ထွန်းလာရေး လုပ်ဆောင်နေမှုများကို အလုပ်ရုံဆွေးနွေးပွဲတွင် ပါဝင်တင်ပြဆွေးနွေးသွားသည်။  အလုပ်ရုံဆွေးနွေးပွဲတွင် ပုဂံကို မြန်မာနိုင်ငံ၏ ထိပ်တန်း ခရီးသွားဒေသတစ်ခုဖြစ်လာရေး၊ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် နေရာတစ်ခုဖြစ်လာရေး လုပ်ဆောင်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများကို တက်ရောက်လာသည့် စီးပွားရေးလုပ်ငန်းရှင်များ၊ အစိုးအဖွဲ့အစည်းများနှင့် အရပ်ဖက်အဖွဲ့အစည်းများအကြား ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြသည်ကို တွေ့ရှိရသည်။ Thammasat University မှ Professor Walter Jamieson ကလည်း ထိုင်းနှင့် လာအိုနိုင်ငံတို့တွင် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်နေရာများအတွက် လုပ်ဆောင်ရာတွင် တွေ့ရှိရသည့်အချက်များကို နမူနာယူ လေ့လာ သိရှိနိုင်ရင် တင်ပြဆွေးနွေးခဲ့ပါသည်။

မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်ကူပြုဌာန (MCRB) ၏ ဒါရိုက်တာဖြစ်သူ Vicky Bowman က

"ယခုအလုပ်ရုံဆွေးနွေးပွဲက ပွင့်လင်းမြင်သာမှု၊ ပေါင်းစပ်ဆက်သွယ်မှုနဲ့ အမြင်အမျိုးမျိုးနှင့် အတွေ့အကြုံအမျိုးမျိုးကို လေ့လာဖလှယ်ခြင်းက ခရီးသွားလုပ်ငန်း အရှည်သဖြင့်ဖွံ့ဖြိုးရေးအတွက် ဆုံးဖြတ်ချက်များချမှတ်လုပ်ဆောင်ရာမှာ အရေးပါတဲ့အချက်ဆိုတာ မီးမောင်းထိုးပြခြင်းဖြစ်ပါတယ်။  မြန်မာနိုင်ငံမှာရှိတဲ့ ဟိုတယ်ဇုန်တွေ လုပ်ဆောင်မှု သမိုင်းကို ပြန်ကြည့်ရင် ဖြစ်လာနိုင်တဲ့ လူမှုရေး၊ သဘာဝပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှုဆိုင်ရာ သက်ဆိုင်မှုများကို ပြည့်ပြည့်စုံစုံနားလည်အောင် လုပ်ဆောင်ခြင်းမရှိဘဲ ဆုံးဖြတ်ချက်တွေ မြန်မြန်ဆန်ဆန်ချမှတ် လုပ်ဆောင်တာ တွေ့ရတယ်။ ထို့အတူပဲ ဈေးကွက်ရဲ့လိုအပ်ချက်၊ ဒေသခံများရဲ့စိုးရိမ်မှုများကိုလည်း ခြံငုံထည်သွင်းစဉ်းစားခဲ့ခြင်း မရှိတာတွေ့ရပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းတွေက လုပ်ဆောင်တဲ့ဒေသတွေမှာ ဆိုးကျိုးများဖြစ်ပေါ်စေနိုင်သလို၊ စီးပွားရေးလုပ်ငန်းတွေမှာ ဆုံးရှုံးမှုများနဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများ၊ ခရီးသွားများအတွက်လည်း မပျော်ရွှင်မှု များကို ဖြစ်ပေါ်စေပါတယ်” ဟု ပြောကြားသည်။

Hanns Seidel Foundation (HSF) ၏ ဌာနေကိုယ်စားလှယ်ဖြစ်သူ Achim Munz ကလည်း

“နေပြည်တော်မှာ ယခုကျင်းပခဲ့တဲ့ အခုအလုပ်ရုံဆွေးနွေးပွဲက မြန်မာနိုင်ငံမှာ တည်ရှိပြီးဖြစ်တဲ့ခရီးသွားဒေသများနဲ့ ပေါ်ထွက် လာနေတဲ့ ခရီးသွားဒေသသစ်များ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးမှာ ဒေသအဆင့်နယ်ပယ်အသီးသီးမှ အကျိုး လိုလားသည့် သက်ဆိုင်သူများပါဝင်တဲ့ အလုပ်ရုံဆွေးနွေးပွဲတွေရှိရေး လိုအပ်ချက်ကို သိရှိစေတယ်။ ၂၀၁၆ ခုနှစ်မှာ Hanns Seidel Foundation အနေဖြင့် ခရီးသွားလုပ်ငန်းက တိုင်းပြည်အတွက် ထမင်းအိုးတယ်နိုင်တဲ့ မီးတောက်လိုဖြစ်စေပြီး၊ အိမ်ကို ပြာကျစေမယ့် မီးတောက်လို မဖြစ်စေဖို့ အခြားအဖွဲ့အစည်းများနဲ့ ပူးပေါင်းပြီး၊ ဒီမှာ ဆွေးနွေးသွားကြတဲ့ အဓိကအချက်များဖြစ်တဲ့ ဇုန်သတ်မှတ်ခြင်းကိစ္စရပ်များ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများစတဲ့ အချက်များအပါအဝင် ခရီးသွားလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များအတွက် ဒေသအဆင့် အလုပ်ရုံဆွေးနွေးပွဲတွေ ကျင်းပသွားနိုင်ဖို့ စီစဉ်လုပ်ဆောင်သွားမှာ ဖြစ်ပါသည်။” ဟု ပြောကြားသည်။

Myanmar’s reformist law used to stifle dissent
ဖော်ပြခဲ့သည့် သတင်းဆောင်းပါး
Myanmar’s reformist law used to stifle dissent
ရွေးကောက်ပွဲနီးရင် အင်တာနက် ကျတတ်တယ်၊ သတိထားပါ
ဆက်လက်ဖော်ပြမည့် သတင်းဆောင်းပါး
ရွေးကောက်ပွဲနီးရင် အင်တာနက် ကျတတ်တယ်၊ သတိထားပါ

Workshop Presentations:

 

Human Rights in the Tourism Sector - Dr. Nicole Häusler:

မြန်မာ့ခရီးသွားလုပ်ငန်းကဏ္ဍ၏ သက်ရောက်မှုများအား လေ့လာဆန်းစစ်ခြင်း - Thi Thi Thein:

The ‘Roundtable: Tourism on Human Rights’ (Europe) – how it began via Skype - Matthias Leisinger:

Tourism and Land: Relevant National Policy Frameworks - Vicky Bowman:

Developments in the National Land Use Policy, and implications for tourism development - Nyein Zarni Naing:

Tourism Development and Land Use in Myanmar - Dr. Andrea Valentin:

Hotel Zones in Myanmar: An Update - Wai Phyo Myint:

Community Participation in Tourism Planning: Thandaunggyi, Kayin State - Philip Po

PeaceNexus Foundation - Sophia Naing:

Tourism Development in Kayah State: Cultures and Communities - Potjana Suansri and Pascal Khoo Twe

SRI KSETRA and PYU ANCIENT CITIES: Myanmar’s First World Heritage Sites - U Win Kyaing:

Heritage Management, Planning and Tourism: Experiences from Sukhothai (Thailand) and Vat Phou (Laos) - Dr. Walter Jamieson FCIP

Bagan: Conservation on Cultural Heritages - U Thein Lwin

Balloons Over Bagan - Khin Omar Win, Co-Founder/Owner, Eastern Safaris

Bagan as a Cultural Heritage Site: The World Heritage Listing process - Bagan Lovers' Association

Nagata, Company Profile - Thein Sann

Community Engagement in Tourism: Opportunities in Bagan - Shihab Uddin Ahamad

© 2024 Myanmar Centre for Responsible Business